"ဟန်လေးကို ကိုယ်သိပ်မြတ်နိုးတယ်"
ထိုစကားအဆုံး ရင်ခွင်ထဲက ကောင်လေး၏ အပြုံးအား တွေ့လိုက်ရသည်မို့ စောသီဟမောင် ရင်ထဲကြည်နူးစိတ်တို့က လှိုက်ခနဲ။
ထို့နောက် ထိုကောင်ငယ်လေးအား ရင်ခွင်ထဲထွေးပွေ့ပြီး ထိုကောင်လေး၏ နှုတ်ခမ်းပါးလေးအား အနမ်းတို့ကို အဆက်မပြတ်ချွေမိပါ၏။
ရှက်ပြုံးလေးနှင့် ဟန်လေးမှာတော့ သူ၏ နူးညံ့ရာမှ တဖြည်းဖြည်း အရိုင်းဆန်လာသည့်အနမ်းတို့ကို ပြန်လည်တုန့်ပြန်လာသည်။
"တီ တီ တီ တီ"
ထိုစဉ် မြည်လာသည့် Alarm အသံကြောင့် စောသီဟမောင် အိပ်မက်မှ နိုးလာရတော့သည်။
"ကျစ် ကောင်းခန်းမှကွာ"
အခါတိုင်းက စောသီဟမောင် ဤကဲ့သို့အိပ်မက်များအား မကြာခဏမက်လေ့ရှိပြီး ထိုအိပ်မက်များထဲတွင် သူနှင့် ဟန်မင်းသူနှင့် ရုပ်ချင်းဆင်သည့်ကောင်လေးမှာ အလွန်ချစ်ခင်ကြသည့်လင်ခင်ပွန်းများဖြစ်ကြ၏။
အိပ်မက်ထဲမှ အကြောင်းအရာများက အချိတ်အဆက်မမိပါချေ။
ထို့အပြင် ထိုကောင်လေးမှ လွဲကာ အခြားလူများ၏ ပုံရိပ်များအား သဲကွဲစွာမမြင်ရ။
ထိုကောင်လေးကို သူက ဟန်လေး ဟုခေါ်ပြီး ထိုကောင်လေးကတော့ သူ့အား ကိုစောမောင် သို့မဟုတ် အကို ဟု အမြဲလိုလိုခေါ်လေ့ရှိသည်။
အခုလက်ရှိသူ၏အိပ်မက်ထဲတွင်တော့ ပါလာသူက ဟန်မင်းသူနှင့် ရုပ်ချင်းဆင်သည့်ကောင်လေးမဟုတ်ဘဲ လက်ရှိသူ့နှလုံးသားအား စိုးမိုးထားသည့် ဟန်မင်းမောင်သာ။
သို့သော်လည်း လက်ရှိသူ့အိပ်မက်ထဲမှ ဟန်လေးနှင့် အရင်က သူမက်ခဲ့ဖူးသည့် ဟန်မင်းသူနှင့်ရုပ်ချင်းဆင်တူသည့်ကောင်လေးမှာ ရုပ်ရည်ချင်းမတူညီသော်ငြား အကြည့်များ၊ အပြောအဆို အပြုအမူများကတော့ တစ်ထပ်တည်းပါပင်။
စောမောင် အခုလောလောလတ်လတ်မက်ထားသည့် အိပ်မက်အား အရသာခံပြီးတွေးလိုက်ပြီးနောက် လျှာသပ်လိုက်မိသည်။
အိပ်မက်မဟုတ်ဘဲ လက်တွေ့မှာတော့ ဘယ်တော့များမှ ဟန်လေးဆီက အချစ်ကို ရနိုင်ပါ့မလဲ?
YOU ARE READING
Non-Expired Love(မြင်းလှည်းသမားရဲ့ ခင်ပွန်းလေး - ဒုတိယတွဲ)[Completed]
Romanceမြင်းလှည်းသမားရဲ့ ခင်ပွန်းလေး - ဒုတိယတွဲဖြစ်ပါတယ်။