သားသားတုန်းကလည်း ခန့်မင်းညိုမှာ တေဇ၏လက်ထဲသို့ ထည့်ပေးရန် နှမြောတွန့်တိုခဲ့ဖူးသည်။
ဒါတောင် သားသား၏လက်တွဲဖော်ကကိုယ့်တူအရင်း။
သားသားက တေဇကို သဘောကျနေကြောင်း မြတ်လေးကို ရင်ဖွင့်ပြောပြခဲ့ပြီး မြတ်လေးကနေတစ်ဆင့် ထိုအကြောင်း သိခဲ့ရချိန်တွင် ခန့်မင်းညိုတစ်ယောက်တွန့်တိုစိတ်တို့ကထိန်းမရ။
မိမိ၏ရင်နင့်သည်းချာသားသမီးများမှာ တစ်နေ့နေ့တစ်ချိန်ချိန်တွင် ကိုယ့်ရင်ခွင်ကနေခွဲထွက်ပြီး သူတို့ကိုယ်ပိုင်အသိုက်အမြုံတည်ဆောက်မည်မှန်း ခန့်မင်းညိုသိပါသည်။
သိသော်ငြားလည်း အနည်းငယ်တော့ တွန့်တိုနေမိဆဲပါပဲ။
ခန့်မင်းညို သားသမီးများအား ကိုယ့်အတောင်အောက်မှာ၊ ကိုယ့်အသိုက်အမြုံထဲမှာပဲလုံခြုံအောင် သိမ်းထားချင်ဆဲပါပဲ။
သို့သော်လည်း ခန့်မင်းညိုအနေဖြင့် လောကကြီး၏သဘောသဘာဝကိုနားလည်သလို ကိုယ့်ဆန္ဒကိုပဲ ရှေ့တန်းတင်ကာ အတ္တကြီးသည့်မိဘမျိုးလည်းမဟုတ်ပါပေ။
တေဇတက္ကသိုလ်တက်ပြီးနောက်ပိုင်း ကလေးနှစ်ယောက် အနည်းငယ်ဝေးကွာသွားကြကာ သားသားမျက်နှာမကောင်းတဲ့နေ့များအား ကြုံရလာတော့ ဖခင်ဖြစ်သည့်ခန့်မင်းညိုကိုယ်တိုင်လည်း စိတ်မကောင်း။
ကိုဈာန့်ထံမှ ကြားသိရသလောက်ကတော့ တေဇကလည်း သားသားကို သဘောကျနေသည်တဲ့။
တစ်ရက် သားဖြစ်သူက ညပိုင်းငိုထားခြင်းကြောင့် မနက်ခင်းတွင် မျက်လုံးများ မို့အစ်ကာ ညှိုးငယ်နေသည့်ပုံအား ခန့်မင်းညိုတွေ့လိုက်ရသည်။
ခန့်မင်းညိုလည်း မနေနိုင်တော့ဘဲ မြတ်လေးအား သားသားနှင့် ပွင့်ပွင့်လင်းလင်းပြောဆိုဆွေးနွေးကြရန်ပြောခဲ့သည်။
သူတစ်ဦးတည်းပြောလျှင် ရသော်လည်း အချစ်ရေးအချစ်ရာကိစ္စမျိုးဖြစ်နေတာမို့ မြတ်လေးပါရှိနေပါမှ သားသားရင်ဖွင့်ရာတွင် စိတ်ပိုမိုသက်တောင့်သက်သာရှိနေပေလိမ့်မည်။
ထို့ကြောင့် လင်ခင်ပွန်းနှစ်ယောက် သားသားအား "သားမှာ စိတ်ညစ်စရာကိစ္စရှိရင် ဖေကြီးတို့ကို ရင်ဖွင့်လို့ရတယ်နော်" ဟုနွေးထွေးစွာပြောခဲ့ကြသည်။
YOU ARE READING
Non-Expired Love(မြင်းလှည်းသမားရဲ့ ခင်ပွန်းလေး - ဒုတိယတွဲ)[Completed]
Roman d'amourမြင်းလှည်းသမားရဲ့ ခင်ပွန်းလေး - ဒုတိယတွဲဖြစ်ပါတယ်။