ရုတ်တရက်ဖြစ်သွားသည့် အခြေအနေကြောင့် ဟန်လေး အနည်းငယ်လန့်သွားမိပြီး သတိပြန်ဝင်လာသည့်အချိန်တွင်တော့ ဟန်လေးတစ်ယောက် ကိုစောသီဟမောင်၏ရင်ခွင်ထဲရောက်နေသည်ကို သိလိုက်ရသည်။
အသိဝင်တာနှင့် ဟန်လေးက စောသီဟမောင်၏ရင်ခွင်ထဲမှ ရုန်းထွက်ရန်ကြံစည်ခဲ့သော်လည်း စောသီဟမောင်က ဟန်လေး၏ ခါးလေးအားဖက်ထားကာ မလွှတ်ပေးခဲ့။
"အရမ်းမလှုပ်နဲ့လေ လှေမှောက်သွားရင်ဘယ်လိုလုပ်မလဲ"
လှေအနည်းငယ်လှုပ်သွားတာကြောင့် စောသီဟမောင်ကပြောလာ၏။
စောသီဟမောင်၏စကားကြောင့် မူလကရုန်းနေသည့် ဟန်လေးမှာတော့ ငြိမ်သက်သွားရ၏။
စောသီဟမောင်က ဟန်လေး၏ ခါးလေးအား ဖက်ထားရာမှ လွှတ်ပေးလိုက်ကာ ဟန်လေး၏ လက်မောင်းလေးကို ကိုင်လိုက်ပြီး ပြောလိုက်သည်။
"ကိုယ့်လက်ကို ကိုင်ပြီး ဖြည်းဖြည်းချင်းထိုင်ချလိုက်"
ဟန်လေးက စောသီဟမောင်ပြောသည့်အတိုင်း သူ့လက်မောင်းအားကိုင်ထားသည့် စောသီဟမောင်၏ လက်ကို ကိုင်လိုက်ကာ လှေအတွင်း ဖြည်းဖြည်းချင်းထိုင်ချလိုက်သည်။
ဟန်လေး ထိုင်ပြီးနောက် စောသီဟမောင်က ဟန်လေး၏ရှေ့တွင် ထိုင်လိုက်ပြီး လှေနံမှ လှေလှော်တက်ကို ယူကာ လှေအားစတင်လှော်ခတ်တော့သည်။
နှစ်ယောက်သား မျက်နှာချင်းဆိုင်ထိုင်နေကြခြင်းဖြစ်ပြီး ဟန်လေးမှာတော့ လှေပေါ်သို့ထိုင်ပြီး သိပ်မကြာခင် ဘေးပတ်ဝန်းကျင်ရှိ ကန်ရေပြင်မှ အလှတရားများကို ငေးမောနေမိတော့၏။
လေနှင်အိုင်ကတော့ ဟိုးရှေးခေတ်အခါလောက် သဘာဝမဆန်တော့သော်လည်း လှပနေဆဲပါပင်။
ဟန်လေးကူးပြောင်းသွားခဲ့သည့်ခေတ်အခါက လေနှင်အိုင်နှင့် အနီးတဝိုက်တွင်အဆောက်အဦးကြီးကြီးမားမားများမရှိဘဲ အိမ်ခြေအနည်းငယ်သာရှိတာမို့ သဘာဝတောတောင်အလှတရားကို ပိုမိုခံစားနိုင်တာကြောင့် ပိုမိုလှပ၏။
ခေတ်မီတိုးတက်လာပြီးနောက်ပိုင်း လူဦးရေထူထပ်လာမှု၊ ပလတ်စတစ်ပစ္စည်းများ၊ ကြွပ်ကြွပ်အိတ်များသုံးစွဲလာမှု၊ ကန်နှင့် အနီးတစ်ဝိုက်တွင် ဟိုတယ်အဆောက်အဦးအမြင့်များ များပြားလာခြင်း စသည့်အကြောင်းတရားများကြောင့် လေနှင်အိုင်မှာ ရှေးခေတ်ကလို မသန့်ရှင်းတော့ဘဲ ကမ်းစပ်နှင့် အနီးတစ်ဝိုက်တွင် ညစ်ညမ်းစပြုလာခဲ့သည်။
YOU ARE READING
Non-Expired Love(မြင်းလှည်းသမားရဲ့ ခင်ပွန်းလေး - ဒုတိယတွဲ)[Completed]
Romanceမြင်းလှည်းသမားရဲ့ ခင်ပွန်းလေး - ဒုတိယတွဲဖြစ်ပါတယ်။