ဂျောင်ကုကအောက်ရောက်နေပြီဆိုတာကြောင့် ထယ်ယောင်းမှာကပျာကယာပင်အောက်သို့ခိုးဆင်းရသည်။
အဘိုးကအမြင်ကျယ်သူပီပီ သူ့ကိုလွတ်လပ်ခွင့်ပေးပြီးဘာမှမပြောပေမယ့် ဟိုးနေ့ကအိမ်ပြန်နောက်ကျတာကိုပညာသားပီပီသတိပေးခဲ့သည်။ဒါကြောင့် သူဂျောင်ကုနဲ့တွေ့ချင်ရင်ခိုးထွက်ရမည်။ထယ်ယောင်းခြေသံလုံလုံနှင့်အောက်ထပ်ကိုဆင်း၍ တံခါးမကြီးကိုတိုးတိုးလေးဖွင့်ပြီးခြံထဲသို့အသာခိုးထွက်ရသည်။ခြံစောင့်ဦးလေးကြီးအိပ်နေ၍တော်သေးသည်။ပြဿနာကခြံတံခါးသော့ခတ်ထား၍သူအထဲကပဲဂျောင်ကုနဲ့တွေ့လို့ရမည်။
"ဂျောင်ကု"
ထယ်ယောင်းခြံတံခါးနားကနေ အသံတိုးတိုးလေးနဲ့ခေါ်တော့စီးကရက်သောက်နေတဲ့ဂျောင်ကုက မဲ့ပြုံးလေးနဲ့လှည့်ကြည့်လာသည်။ထယ်ယောင်းကိုမြင်တော့စီးကရက်ကိုမြေပြင်ပေါ်ပစ်ချပြီးဖိနပ်ဖြင့်ဖိကာမီးငြိမ်းလိုက်သည်။
သူသိပြီးသား ကင်မ်ထယ်ယောင်းကသူခေါ်တာနဲ့ရောက်လာမယ်ဆိုတာ။
"အပြင်ထွက်လာခဲ့လေ"
"ဘာလို့လဲဂျောင်ကု"
"ကျစ်...လာဆိုလာပေါ့ကွာ"
"ခြံတံခါးသော့ခတ်ထားတယ်...ငါထွက်လို့မရဘူး"
ထယ်ယောင်းပြောတော့ ဂျောင်ကုကချက်ချင်းအုတ်တံတိုင်းကနေကျော်တက်ပြီးသူ့ရှေ့ကိုရောက်လာသည်။မျက်စိတစ်မှိတ်အတွင်း ဟိုဘက်ကနေဒီဘက်ကိုရောက်လာတဲ့ဂျောင်ကုကိုကြည့်ပြီး ထယ်ယောင်းမျက်လုံးလေးပြူးပြီးအံ့သြသွားသည်။
"ငါ့လိုပဲဟိုဘက်ကိုကျော်တက်ရင်...မင်းအပြင်ရောက်မယ်"
"ငါ...ငါမကျော်တက်တတ်ဘူးဂျောင်ကု"
သူဂျောင်ကုလိုမလုပ်တတ်ဘူး။တစ်ခါမှလည်းအုတ်တံတိုင်းမကျော်ခဲ့ဖူးဘူး။
"ဂျောင်ကု!!"
"ရှူး"
ရုတ်တရက်ကြီးသူ့ကိုတင်ပါးကနေပင့်ချီလိုက်တဲ့ဂျောင်ကုကြောင့် လန့်ပြီးအော်မိတော့ဂျောင်ကုကတိုးတိုးနေရန်နှုတ်ခမ်းဆူပြောရင်းသူ့ကိုအုတ်တံတိုင်းပေါ်ပင့်တင်ပေးသည်။