'ဒုန်း!!"
"ကိုကို!!!"
လမ်းမထက်မှာ ကားနဲ့တိုက်မိတဲ့ဒုန်းဆိုတဲ့အသံနဲ့အတူ မင်နာအော်သံစူးစူးလည်းထွက်ပေါ်လာသည်။ထယ်ယောင်းတစ်ကိုယ်လုံးလေပေါ်သို့မြောက်တက်သွားပြီး ပြန်အကျမှာတစ်ကိုယ်လုံးပျော့ခွေသွားသည်။လမ်းသွားလမ်းလာတွေဝိုင်းအုံလာပြီး အကုန်လုံးပြာယာခတ်သွားကြသည်။
"ကိုကို!!...ကိုကို!!!...ကိုကို!!!!"
သွေးအိုင်ထဲလဲကျသွားတဲ့ထယ်ယောင်းကို မင်နာကပွေ့ဖက်ပြီး ပတ်ဝန်းကျင်တစ်ခုလုံးအော်ဟစ်သံတွေဆူညံသွားသည်။မင်နာရင်ခွင်ထဲကထယ်ယောင်းကလှုပ်ရှားမှုမရှိတော့ပဲ ငြိမ်သက်နေသည်။
တစ်ဖက်ကလာနေတဲ့ကားကိုမမြင်ပဲ ဟိုဘက်လမ်းကိုဖြတ်ကူးဖို့လုပ်တုန်း သူမဆီတည့်တည့်ဝင်လာတဲ့ကားကြောင့် မျက်လုံးတွေမှိတ်ချလိုက်ပြီး ဝိညဥ်လွင့်မတတ်ကြောက်သွားခဲ့သည်။သို့သော်အနောက်ကနေဆောင့်ဆွဲခံလိုက်ရပြီး မျက်လုံးဖွင့်ကြည့်လိုက်တဲ့အချိန်မှာ တစ်ဖက်ကကားကကိုကို့ကိုအရှိန်ပြင်းပြင်းနဲ့ဝင်တိုက်လိုက်ပြီး ကိုကို့ခန္ဓါကိုယ်လေးကလေပေါ်ကိုအမြင့်ကြီးမြောက်တက်သွားသည်။စက္ကန့်မခြားဖြစ်သွားတဲ့ကိစ္စတွေကြား ကိုကို့လက်ကိုလှမ်းဆွဲပါသော်လည်းမမှီခဲ့။
"ကိုကို!!...ကိုကို!!!"
ထယ်ယောင်းကိုလှုပ်ယမ်း၍ တကျီကျီအော်နေတဲ့မင်နာသည်မျက်ရည်များရွှဲနစ်နေပြီး ယူကျုံးမရစွာအော်ဟစ်နေတော့သည်။ခဏကြာတော့ လူနာတင်ယာဥ်ရောက်လာပြီးထယ်ယောင်းကိုခေါ်ဆောင်သွားသည်။တစ်ဖက်ကားသည်လည်း ထယ်ယောင်းကိုဝင်တိုက်မိပြီးတော့ အရှိန်မထိန်းနိုင်စွာဖြင့်ဓါတ်တိုင်ကိုဝင်တိုက်မိပြီး ကားမောင်းသူသည်သွေးအလိမ်းလိမ်းဖြင့် လူနာတင်ယာဥ်ပေါ်ပါသွားသည်။
"ကိုကို!...ကိုကိုဘာမှမဖြစ်ရဘူးနော်!...ဘာမှမဖြစ်ပါရဘူးနော်...ကိုကို့ကိုကယ်ပေးကြပါ...တောင်းဆိုပါတယ်...ကယ်ပေးကြပါ!!"
အရေးပေါ်ခွဲစိတ်ခန်းသို့ အခေါ်ခံသွားရသည့်ထယ်ယောင်းပါသည့်တွန်းလှည်းဘေးမှာ မင်နာကဆက်တိုက်ပြောနေတာဖြစ်၏။မင်နာပုံစံက အရူးတစ်ပိုင်းဖြစ်နေပြီးအသိစိတ်သိပ်မကပ်တဲ့ပုံဖြစ်နေသည်။ထယ်ယောင်းဒီလိုဖြစ်ရတာသူမကြောင့်လို့ တထစ်ချတွေးပြီးငိုယိုရင်းနဲ့အရေးပေါ်ခွဲစိတ်ခန်းတံခါးဝ၌ကျန်ခဲ့သည်။
