Chapter - 17 ( part 2 )

693 29 11
                                    

အလွန်နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ရာမှ လေလာ နိုးလာခဲ့၏။နေရောင်ခြည်သည် စတင် ထွက်ပြူလာရုံပင်ရှိသေးပြီး သူမအခန်းလေးက မည်းနက်သော အမှောင်တွေနဲ့ ပြည့်နှက်နေဆဲ။

ကုတင်ပေါ်တွင် မလှုပ်မယှက် လဲလျောင်းရင်း ပတ်ပတ်လည်ကို ဖြည်းဖြည်းချင်းဆီ ကြည့်လိုက်၏၊ အခန်းတွင်းထဲရှိ အရာအားလုံးကို ရှူစားကြည့်ရင်း----ရင်းနှီးနေသည့် မျက်နှာကြက်၊ ပြတင်းပေါက်ကို ကွယ်ထားသော နို့နှစ်ရောင် လိုက်ကာများ၊ စာအုပ်အနည်းငယ် တင်ထားသည့် စားပွဲခုံ‌ဟောင်းလေး၊ နူးညံ့တဲ့စောင်၊ နေရောင်ခြည်ရဲ့သင်းပျပျရနံ့ ....

သူမ ဘယ်နေရာမှာ ရှိနေမှန်း သိလိုက်ရသောအခါ သက်ပြင်းတစ်ချက်ချလိုက်၏။'ဟူး ငါ့အခန်းထဲမှာပဲ'။

အချိန်အတော်ကြာမှ ပထမဦးဆုံး အိပ်မက်ဆိုး သူမမက်ဖူးတော့သည်။သူမသည် မိဘမဲ့ဖြစ်ပြီးနောက် သိပ်မကြာမီ ဆွေမျိုးအိမ်များကြားတွင် ဖြတ်သန်းသွားလာနေချိန်ဖြစ်ခဲ့၏။အဲဒီတုန်းက သူမဘဝဟာ အိပ်မက်ဆိုးတွေ ဆက်တိုက်ဖြစ်ခဲ့လျက်။ဗီးလ်ဆီ ပြောင်းလာပြီးကတည်းက အခြေအနေတွေက ပိုကောင်းလာပေမယ့် ရေကြောက်တတ်သည့် အိမ်မှာ ကုန်ဆုံးခဲ့ရတဲ့ ဆိုးရွားသောအချိန်တွေကို သူမ ကောင်းကောင်းကြီး မှတ်မိနေပါသေးသည်။

"ဒါတွေအားလုံးက အဲဒီကောင်မကြောင့်ပဲ!"

အဲဒီ့အိမ်မှာ ဦးလေးမူးလာတိုင်း သူ့ဒေါသတွေကို သူမပေါ် ပုံချခဲ့သည်။အရက်မမူးသောအခါ သူသည် တည်ငြိမ်ပြီး ရှက်တတ်သည့် လူကြီးတစ်ယောက်ဖြစ်သော်လည်း တစ်ပတ်လျှင် အနည်းဆုံး (၅)ရက်ခန့်လောက်က အရက်မူးနေသည့်ပုံစံကို လေလာ အများဆုံး မှတ်မိပါသေး၏။လောင်းကစားငွေ ဆုံးရှုံးသွားသည့်နေ့များတွင် သူသည် ပို၍ ရန်လိုတတ်ပြီး လေလာအား ကျိန်ဆဲအော်ဟစ်ပြီး ရိုက်လေ့ရှိသည်။

သူသည် အလွန်အမင်းဆိုးရွားခဲ့သည်။သူမ သူ့ကို မုန်းတီး၏။သို့သော် သွားစရာနေရာမရှိသည့် မိဘမဲ့တစ်ယောက်အနေဖြင့် သည်းညည်းခံရုံမှလွဲ၍ ရွေးချယ်စရာမရှိခဲ့။

ထိုအိမ်မှာ တတ်နိုင်သမျှ ပင်ပင်ပန်းပန်း ကြိုးစားအလုပ်လုပ်ခဲ့၏။အိမ်မှုကိစ္စကူညီခြင်းကို ရပ်နားခြင်း မရှိဘဲ အစားကို အနည်းငယ်သာ စားခဲ့သည်။ 
သူမသည် ပရိဘောဂပစ္စည်းတစ်ခုလို တတ်နိုင်သမျှ တိတ်တိတ်ဆိတ်ဆိတ်နေပြီး စိတ်အနှောင့်အယှက်မဖြစ်စေရန် ကြိုးစားခဲ့သည်။နောက်ဆုံး အိမ်မှနှင်ထုတ်ခံရသည့်နေ့တွင် အဒေါ်ဖြစ်သူက စက္ကူအိတ်ထဲတွင် ကွတ်ကီးအနည်းငယ်ကို ပေးခဲ့၏။သူမအဒေါ်၏ ပွန်းပဲ့နေသော မျက်နှာကို လေလာ ကြည့်ပြီး ကွတ်ကီးများအတွက် သူမကို ကျေးဇူးတင်ခဲ့၏။

တောင်းပန်နေမယ့်အစား ငိုကြွေးလိုက် [ဘာသာပြန်]Where stories live. Discover now