"ရွက်နုဝေ"
အစိမ်းရောင် ဆိုင်းဘုတ်လေးပေါ်မှာ ရွှေရောင်ဖောင်းကြွစာလုံးတွေနဲ့ ရေးထားတဲ့ဆိုင်းဘုတ်လေး။
သာမာန်ဆိုင်လေးလို့ ထင်ရပေမယ့် အထဲကိုဝင်ကြည့်တော့မှ ဆိုင်က အတော်လေး ကျယ်ဝန်းတာကြောင့် ယောက်ကျားလေး မိန်းကလေး အဝတ်အစား အသုံးအဆောင် ပစ္စည်းအသေးအမွှားမှ အစရနိုင်သည့်ပုံပင်။
"ဟယ်...ကိုဆက် ဒီနေ့ထူးထူးခြားခြားပါလား ၊ ဘာလဲ နုဝါကိုလွမ်းလို့တော့ မဟုတ်လောက်ပါဘူးနော်..."
ဆိုင်ထဲဝင်ဝင်ချင်း ပဲ ကောင်တာမှာထိုင်နေရာကနေ အပြေး ထလာပြီး ပေါ်တင်ကြီး ရေလာမြောင်းပေးစကား ဆိုလိုက်တဲ့မိန်းကလေးကြောင့် မဏိ မသိမသာ နှာခေါင်းရှုံ့လိုက်မိ၏။
တစ်စပ်ထဲ တွေးလိုက်မိတာက ဒီလိုကောင်ကို ကြိုက်တဲ့လူ ရှိသေးတာလား ဟူ၍...။
"အင်း ... ဒီမှာ ငါ့ရဲ့အိမ်ငှားက လိုတာလေးတွေ ဝယ်ချင်တယ်ဆိုလို့ နုဝါရဲ့ဆိုင်က ပစ္စည်းစုံတာနဲ့ခေါ်လာခဲ့ပေးတာ"
ထိုအခါမှ ထိုအမျိုးသမီးက ဆက်နိုင် နောက်က သူ့ကိုသတိထားမိသွားဟန် နူတ်ဆက်အပြုံးဖြင့်...
"ကိုဆက် အိမ်ကဧည့်သည်ဆိုတော့ နူဝါ ရဲ့ဧည့်သည်ပဲပေါ့ အဟင်း"
နုဝါရဲ့ စကားက ဘာလိုလိုမို့ ဆက်နိုင် မျက်လုံးတွေက သူ့ဆီရောက်လာပြီး...
"နင်ကလဲ ဟာ...စကား ပြောလိုက်ရင်"
"ငါမှန်တာပြောတဲ့ဟာကို...ငါ့သူငယ်ချင်း ဧည့်သည်က ငါ့ဧည့်သည်ပဲပေါ့ ဟ မဟုတ်ဘူးလား"
ထို မိန်းကလေး က ဆက်နိုင် လက်မောင်းဆီကို ညုတုတုဖြင့် လှမ်းရိုက်ရင်း ဆိုသည်။ပြီးမှ သူ့ဖက်ကို လှည့်၍...
"လိုအပ်တာကို အေးအေးဆေးဆေး ကြည့်ပါနော် ဆက်နိုင် မျက်နှာနဲ့အတတ်နိုင်ဆုံးဈေးလျော့ပေးပါမယ်ရှင့် "
"ကောင်းပါပြီဗျ..."
မဏိ ဝတ်ကျေတန်းကျေ ပဲခေါင်းညိတ်ပြရင်း ဆိုလိုက်မိသည်။ သူ မြင်ရတဲ့ပုံက မိန်းကလေးကသာ တစ်ဖက်သတ်စိတ်ဝင်စားနေပုံရပြီး လူ့ဂွစာကောင်ကတော့ ပြန်ပြီးစိတ်ဝင်စားတဲ့ပုံတော့မပေါ်။
YOU ARE READING
မေတ္တာခြုံ၍ နွေးပါစေ
Romanceရဲရဲသာမှီခိုလိုက်ပါ ဒီရင်ခွင်ရော ဒီပခုံးတွေရောအားလုံးဟာ ခင်ဗျားအပိုင် ....