"ဘုန်း...ဘုန်း"
"ဒေါ်နီ...ဒေါ်နီ"
အိမ်ရှေ့ဆီက တံခါးကိုထုရင်း အသံပြဲနဲ့အော်ခေါ်နေတာကို ကြားမိပေမယ့် ဒေါ်နီ ကတော့ မျက်မှန်ကိုင်းကိုပင့်တင်ကာ နှစ်လုံး အတွက်မပျက်ပါချေ။
ဒီနေ့ လကုန်ရက်မို့ ဆက်နိုင် ဆိုတဲ့အိမ်ရှင်ကောင် ရောက်လာတော့မည်ဆိုတာ သူမ သိနေသည်။အိမ်ရှေ့ တံခါးကို လူမရှိသလိုအသေပိတ်ပြီး လူကအိမ်ခန်းထဲဝင်နေသည်မို့ သိပ်တော့ပြဿနာမရှိ ။
ခေါ်နေရင်းမောသွားလျှင် ပြန်သွားလိမ့်မည်။
"မနေ့ညက အိပ်မက် မက်တာက မြွေနှစ်ကောင်ဆိုတော့ ၂ ၊ ပြီးတော့ မြွေက ၇ဆိုတော့ ၇၂"
နူတ်က ခပ်တိုးတိုး ရေရွတ်ကာတွက်လိုက်ရင်း စာအုပ်ထဲချရေးလိုက်သည်။ပြီးနောက် ခေါင်း အပေါ်မော့ကာ စဉ်းစားမိလိုက်ပြီး..။
"နေပါဦး...ယောက်ကျားမက်တဲ့အိပ်မက်ကိုတစ်ပွင့်တိုးပြီး မိန်းမ မက်တဲ့အိပ်မက်ကို တစ်ပွင့်လျော့ထိုး ရတာဆိုတော့ ၇၁လဲ ထည့် ထိုးဦးမှပဲ...၊ တော်သေးတယ် မေ့တော့မလို့"
"ဒေါ်နီ...."
"ဟဲ့ သောက်ပလုတ်တုတ် "
အိမ်ခန်း ဘေးအပေါက်ကနေ ပေါ်လာတဲ့မျက်နှာဖွေးဖွေးကြီးနဲ့အတူ သူမ နာမည်ကိုသံကုန် အော်ချလိုက်တာမို့ လန့်ဖြန့်ကာ ရင်ဘတ်ဖိ မိလိုက်သည်။
"သောက်ပလုတ်တုတ် မဟုတ်ဘူး ခင်ဗျားရဲ့အိမ်ရှင် ကျွန်တော်... ဆက်နိုင်"
"ဟဲ့ ဆက်နိုင်ရယ် ဖြေးဖြေးအော်ပါဟဲ့ ၊နင်ကလည်း ဒီမှာ လန့်လို့ သေတော့မယ်"
ဒေါ်နီက ရင်ဘတ်ဖိကာအမှန်ပဲလန့်သွားပုံပေါ်၏။ ပုန်းနေတုန်းက အပုန်းကောင်းနေပြီး လက်တွေ့မိတော့မှ လန့်ပြနေတဲ့ဒေါ်နီ့ ကိုအကြောင်းသိနေသူမို့ ဆက်နိုင် ကတော့ အထူးတလည် အားနာမိမနေပဲ။
"အော်...အခုမှများ လာပြီး လန့်ပြနေတယ် ၊ကျွန်တော် အပြင်ကသေအောင် အော်ခေါ်နေတာကျ မကြားချင်ယောင်ဆောင်နေပြီးတော့ တတ်လည်း တတ်နိုင်တယ်နော်..."
ဆက်နိုင် စကားက မှန်နေတာကြောင့် ဒေါ်နီ ဖင်ကုတ် ခေါင်းကုတ်ဖြစ်သွားရသည်။
YOU ARE READING
မေတ္တာခြုံ၍ နွေးပါစေ
عاطفيةရဲရဲသာမှီခိုလိုက်ပါ ဒီရင်ခွင်ရော ဒီပခုံးတွေရောအားလုံးဟာ ခင်ဗျားအပိုင် ....