Final

20.8K 849 98
                                    

Unicode...

1944ခုနှစ် မတ်လ ၁၈ရက်နေ့

ဂျပန်တို့သည် မြန်မာနိုင်ငံ၏နေရာအနှံ့အပြား၌ ဖြန့်ကျက်၍တည်ရှိနေပြီး စိုးစံနေခဲ့ကြ၏။အမျိုးသမီးအများစုသည်လည်း ဂျပန်လက်အောက်တွင် အတော်များများပင် ဘဝပျက်ခဲ့ကြရပေသည်။ အဖော်အချွတ်သိပ်ကြိုက်လွန်းသည့်ဂျပန်တို့သည် တစ်ပတ်တွင်နှစ်ကြိမ်တိုင်အောင် စစ်ကားအပြည့်နှင့် အခြေစိုက်စခန်းတွေအတွင်း အဆက်မပျက်ခေါ်ယူလျှက်ပင်ရှိ၏။ မျိုးချစ်တော်လှန်ရေးအဖွဲ့တော်တော်များများသည် ဖက်ဆစ်ဂျပန်တို့၏ အမှတ်မထင်ဝင်ရောက်တိုက်ခိုက်မှူတွင် တော်တော်များများအထိနာပြီး ကျဆုံးခဲ့ကြလေသည်။ ထိုအထဲတွင် နှင်းဆီ၏အဖွဲ့သည်လည်း ဂျပန်တို့၏တိုက်ခိုက်မှုကြောင့် အဖွဲ့လိုက်ပင်ပျက်သုန်းသွားခဲ့ရ၏။ ပြန်စရာ ခြေချစရာမြေပိုင်တောင်မရှိတော့သည့် ညိုမင်းမိုသည်လည်း ရန်ကုန်တွင်ဝယ်ယူထားခဲ့သောအိမ်တွင်သာ ဆက်လက်၍တည်ရှိနေခဲ့ပေသည်။

ဒေါက်..ဒေါက်..ဒေါက်

အခန်းတံခါးအားလာခေါက်သည့်အခါ ကုတင်ပေါ် ဘေးတစောင်း ခွေခွေကလေးလှဲအိပ်နေသည့်ညိုမင်းမိုမှာ ကုတင်ပေါ်မှအသာဆင်းလိုက်ရင်း အခန်းတံခါးအားလာဖွင့်ပေးလိုက်လေသည်။

အခန်းတံခါးဖွင့်ဖွင့်ချင်းမြင်လိုက်ရသည့် စိတ်မချမ်းမြေ့စရာမောင်ငယ်ဖြစ်သူ၏ပုံစံကြောင့် ဖယောင်းညို သက်ပြင်းမတစ်ချက်အားချရင်း ဖ​ယောင်းတံဆိပ်ရိုက်ကပ်ထားသောစာအိပ်အညိုကလေးအား ထိုးပေးလိုက်၏။ သူမထံတွင် ညိုမင်းမိုအားပြောစရာစကားလည်းထွေထွေထူးထူးမရှိတော့ပေ..။ ပြောလည်းနားထောင်မည့်ပုံစံမျိုးမှမဟုတ်ဘဲ..။ထို့ကြောင့် မောင်ဖြစ်သူအား ဒီရက်ပိုင်းတွေမှာ စကားပြောဖို့ထက် လိုအပ်တာသာလုပ်ပေးနိုင်ဖို့သာကြိုးစားနေမိ၏။

"ထမင်းစားချင်ရင် ထမင်းဝိုင်းမှာ ထမင်းပြင်ပေးထားခဲ့တယ်.. အပြင်သွားဖို့ မိုးကညှာ လာခေါ်လို့ ကလေးနှစ်ယောက်ပါခေါ်သွားလိုက်မယ်.."

ထိုသို့စကားတစ်စုသာပြောပြီး ဖယောင်းညိုက ပြန်လှည့်ထွက်သွားသည့်အခါ ညိုမင်းမိုတစ်ယောက် အခန်းတံခါးပြန်ပိတ်လိုက်၏။ စာအိတ်ကိုတစ်ကြည့်လိုက်တော့ တံဆိပ်တုံးအရ သခင်အုန်းထွန်းဆီမှလာမှန်းသိလိုက်မိ၏။ သို့သော်စာအိတ်ကိုမဖောက်သေးဘဲ စားပွဲခုံပေါ်တင်ခါ ကုတင်ပေါ်တွင်ပြန်၍လဲလျောင်းလိုက်၏။ တရှပ်ရှပ်လေတိုက်သံသည် ပြူတင်းပေါက်အပြင်ဝမှလာနေသော လက်ပံပင်ကြီးဆီမှဖြစ်လေသည်။ သစ်ရွက်လှုပ်သံတရှပ်ရှပ်က ညိုမင်းမိုအား စိတ်ဝင်စားလာစေသယောင် ခေါင်းထောင်လာစေမိ၏။ ပြန်လှဲဖို့ပြင်နေသည့် ညိုမင်းမိုမှာ ပြူတင်းပေါက်အနားမတ်တပ်သွားရပ်လို့ လက်ပံပင်ကြီးအားငေးကြည့်နေမိ၏။ ပင်စည်မှာအဖြူရောင်ဖြစ်ပြီး အရွက်မှာအစိမ်းရောင် ၊ အပွင့်မှာအနီရောင်..ထိုသို့မတူညီကြသော အရောင်များတစ်စုတစ်စည်းထဲစု၍တည်ရှိနေပုံက လှပနေကြ၏။ ခပ်တွေတွေကလေးငေးကြည့်နေရာမှ ခြံအတွင်းဝင်ရောက်လာသည့် ကားတစ်စီးမှာ ဝရုန်းသုံးကားနိုင်လှ၏။ညိုမင်းမို မျက်ခုံးတို့အားစုကြုတ်လိုက်ရင်း ကားပေါ်မှဆင်းလာမည့်သူအား အာရုံစူးစိုက်၍ကြည့်လိုက်မိ၏။

My Captain (or) ဗိုလ်ကြီးရဲ့နှင်းဆီ(Complete)Where stories live. Discover now