၈နှစ်နီးပါးလောက် ချစ်ခဲ့ရသည့် ရည်းစားလေးက မျက်စိရှေ့မှာတင် ဝဏ္ဏထွန်းမဟုတ်တဲ့ တခြားလူဆီ ပါသွားခဲ့သည်။ Barသိပ်မထိုင်တတ်ပေမယ့် ဒီညတော့ ဝီစကီတွေ တစ်ခွက်ပြီးတစ်ခွက် သောက်ချနေဖြစ်သည်။
သံသာချိုအေးဆိုသည့် နာမည်ကတောဆန်သည်။ လူပုံကလည်း ခပ်ရိုးရိုးနဲ့တုံးအသည့်ပုံစံမျိုးပေမယ့် ချစ်သည်။ တခြားသူတွေနဲ့ ယှဥ်လျှင် ဘေးနားမှာ သူမထက်သာတာတွေအများကြီး ရှိနေသည့်တိုင်ပဲ သံသာချိုအေးတစ်ယောက်တည်းကိုပဲ လက်တွဲဖော်အဖြစ်သတ်မှတ်ထားခဲ့သည်။
အချိန်တစ်ခုရောက်လျှင် သူနဲ့လက်ထပ်မယ့် ချစ်သူလေးမို့ သူမဆီမှာဆို သူ့မှာရှိသမျှစိတ်ထားအားလုံးကိုဖွင့်ပြခဲ့သည်။ အချစ်တွေလိုချင်သည့် သူမ၊ အနွံတာခံပေးတတ်တဲ့ချစ်သူ၊ လိုက်လျောနိုင်စွမ်းကြီးမားသည့်ဘဝလက်တွဲဖော်တစ်ယောက်လို သူမကို အခုကဲ့သို့ဆုံးရှုံးရမယ်လို့ တခါမှမထင်ထားခဲ့။
"ဝဏ္ဏထွန်း....။ အန်ကယ် ခဏထိုင်မယ်"
ကပ်လျက်ရှိသည့် ခုံမှာဝင်ထိုင်သူဆီကြည့်ဖြစ်ပေမယ့် သောက်ထားသည့် အရှိန်ကြောင့် မျက်လုံးတွေထဲမှာ ပုံစံကဝေဝါးလို့နေသည်။
"အန်ကယ့်နာမည် လင်းအံ့ပါ.....။"
နာမည်ကို ကြားလိုက်မှပဲ ရီဝေနေသည့်အသိစိတ်တွေက လှုပ်နိုးသွားသည်။ L_Group၏ CEOဦးလင်းအံ့နဲ့တွေ့နေရသည်ဆိုသော အသိစိတ်ကို ဖမ်းချုပ်ထားလိုက်ရသည်။
"ဟုတ်ကဲ့ အန်ကယ်။ ကျွန်တော် ဝဏ္ဏထွန်းပါဗျ။"
လက်ဆွဲနှုတ်ဆက်နေစဥ်မှာပဲ ပြုံးနေသည့် ဦးလင်းအံ့အား ဝဏ္ဏထွန်းဘက်က ကြောင်ငေးနေဖြစ်သည်။ လုပ်ငန်းရှင်များစွာနဲ့ ဆက်ဆံခဲ့ဖူးသည်မို့ ဒီလိုအနေအထားမျိုးကို နောကြေနေသည်။
လိုချင်တာရှိမှ နှုတ်ဆက်တတ်သည့် အသိုင်းအဝိုင်းကြီးမို့ ဝဏ္ဏထွန်းဘက်ကလည်း အထိုက်အလျောက်ပြုံးနေရသည်။
"မောင်ဝဏ္ဏထွန်းက ကိုထွန်းအေးသမီးနဲ့လက်ထပ်တော့မယ်ကြားတယ်။ မင်းတို့လက်ထပ်ပွဲကျရင်လည်း အန်ကယ်လာဖြစ်ဦးမှာပါ။ ကိုထွန်းနဲ့ ရင်းနှီးပြီးသားမို့ မင်းကိုလည်းတွေ့တုန်း ကြိုမိတ်ဖွဲ့ထားတာပေါ့ကွာ။"