"အဲ့လိုမဟုတ်ဘူး မောင်။ သံသာဆိုလိုချင်တာက မောင့်ကို သံသာ လာမကြိုပေးချင်တာမျိုးမဟုတ်ဘူးလေ....."
"ဟုတ်လို့လည်းမရဘူး၊သံသာ လာရမယ်။ ခရိုင်ရုံးအောက်မှာ ကိုယ်စောင့်နေမယ်။ ..... ."
ဖုန်းကို အရင်ချဖြစ်လိုက်ပြီးမှ စိတ်ထဲတင်းသွားသည်။ ပုံမှန်ဆို ပြောသည့်အတိုင်းကို လိုက်လျောပေးတတ်သည့် သံသာချိုအေး၏ ငြင်းဆန်ပုံမှာ စိတ်ကလက်မခံနိုင်။
အရင်ကလို ဝဏ္ဏထွန်းပြောသမျှကို လုပ်ကိုင်ပေးတတ်သည့်အမူအကျင့်တွေကို အစဥ်မြဲနေ စေချင်သည်မို့ ဖုန်းကိုချပြီး တတိယအထပ်မှာပဲ ဆက်ထိုင်နေဖြစ်သည်။ ဒီနေ့ရုံးချိန်းမှာ အမှုစစ်နဲ့အဆင်ပြေခဲ့သော်လည်း လက်ထောက်တရားသူကြီးဆီကနေ ပယ်ချမှုကိုအကြိမ်ကြိမ်ခံခဲ့ရသည်။
နာမည်ကြီးသည့် ဟိဏ်းဇမ္ဘူအား ဝဏ္ဏထွန်းဘက်ကအဆင်မပြေဖြစ်စေတာမျိုးမရှိခဲ့ပဲ တမင်အကျောခံခဲ့ရသည်။ ဘာကိစ္စနဲ့ ညှိသွားလဲတော့မသိပေမယ့် ဟိဏ်းဇမ္ဘူ၏အမြင်မကြည်လင်မှုကို ရိပ်စားလိုက်မိပြီမို့ စိတ်ထဲဘဝင်မကျဖြစ်ရသည်။
"ဆရာဝဏ္ဏ...... ကော်ဖီပေးရမလား။"
"ရတယ်ကိုလွင်မောင်။ ခဏနေ ကားရောက်လာရင်ကျွန်တော်ပြန်တော့မှာ။"
လက်ထောက်တရားသူကြီးရုံးခန်းထဲက စာရေးဖြစ်သည့် ကိုလွင်မောင်နဲ့ကရင်းနှီးသည်။ လက်ထောက်တရားသူကြီး ဟိဏ်းဇမ္ဘူနဲ့လည်း စကားမပြောဖြစ်ကြတဲ့ဆက်ဆံရေးပေမယ့် ဒီလူကိုဝဏ္ဏထွန်းဘက်ကအလိုလိုရှိန်သည်ကြောင့် ရန်စတာမျိုးလည်းမရှိခဲ့။
"အိမ်ကလာကြိုမှာလား ဗျ။ "
ကိုလွင်မောင်ကို ကြည့်နေရင်းက တရားရုံးမှာဒီနေ့ဖြစ်ခဲ့သည့် အခြေအနေအား သုံးသပ်နေမိသည်။ သေချာပေါက် လက်ထောက်တရားသူကြီးဟိဏ်းဇမ္ဘူက သူ့အားမကြေမလည်ဖြစ်နေသည်။ ဒါကိုတော့ သူသိလိုက်သည်။
"ဗျို့ ဆရာဝဏ္ဏ....။ ကျုပ်ပြောတာရော ကြားရဲ့လား။"
"အေးဗျာ.... အမှုအကြောင်းစဥ်းစားနေတာနဲ့။"
"ဒီတစ်ခေါက်အမှုက ဘာများအထွေအထူးရှိလို့လဲ။ ခင်ဗျားကရှေ့နေပဲဟာ.....သိပ်မတွေးစမ်းပါနဲ့ဗျာ။"