၇နှစ်ကျော်သည်အထိ တည်ရှိခဲ့သည့် ရေစက်တစ်ခု။ ချစ်ခဲ့ရ၊မြတ်နိုးတန်ဖိုးထားခဲ့ရသော ချစ်သူတစ်ယောက်။
မေ့မြောနေဆဲဖြစ်သည့် မောင့်ကိုကြည့်ပြီး မျက်ရည်မကျပဲမနေနိုင်။ သတိမရှိတဲ့ ခန္ဓာကိုယ်ပိုင်ရှင်က သံသာဆုပ်ကိုင်ထားတဲ့လက်ကို မဖယ်ချနိုင်။ အခုနေများ သတိရလာလျှင် သံသာ့ကို မည်သို့အကြည့်မျိုးနဲ့ကြည့်မယ်မသိသော်ငြား သံသာကတော့ မောင့်ကိုဥပေက္ခာပြု မထားရက်နိုင်သေးပါ။
"သမီး.....မအေး။"
သံသာသတိရလာသည်နှင့် ဦးစွာမြင်တွေ့လိုက်ရသူက ခရီးကနေပြန်ရောက်လာသည့် ဖေဖေကိုဖြစ်သည်။ သံသာ့ခေါင်းဆီမှ ပတ်တီိးကြောင့် မနေတတ်နိုင်အောင်ပူပင်ရှာတဲ့ ဖေဖေကပဲ အခုထိသံသာ့အလိုကိုလိုက်လျောပေးသည်။
သံသာ့ထက်ပိုပြီး အခြေအနေဆိုးသည့် မောင့်ကိုစိုးရိမ်သည်။ သံသာ့အပြောကြောင့်နဲ့ သတိလက်လွှတ်ဖြစ်သွားသူက မောင်းသူနေရာမှာမို့ ပို၍အန္တရာယ်များခဲ့သည်။
တကယ်ဆို မောင့်ကိုယ်စား ဒီလူနာကုတင်မှာလှဲနေသူက သံသာပဲဖြစ်လိုက်ချင်သည်။ ဒီလိုသာဆို မောင့်ကိုဒီလောက်ထိအားနာနေရမှာ မဟုတ်ပါ။ အခုတော့ အစကနေအခုထိ အားလုံးဟာ သံသာ့တစ်ယောက်ထဲရဲ့ဆုံးဖြတ်ချက်၊ အပြုမူ၊ အပြောအဆိုတွေကြောင့်ဖြစ်သွားသည်။
မောင့်မိဘတွေကတော့ သံသာ့ကိုတော်တော်လေး မုန်းတီးနေကြသည်။
"သွားရအောင်။ ခဏနေ...မောင်ဝဏ္ဏထွန်းမိဘတွေရောက်လာတော့မယ်။"
သံသာ့ကိုဆို သမီးအရင်းလေးလိုချစ်ပါတယ်လို့ ပြောတတ်သည့် မောင့်မိဘတွေဟာ အခုတော့မျက်နှာချင်းတောင် မဆုံချင်တော့ဘူးဟုပြောလာကြသည်။ သံသာသိပေမယ့်လည်း တကယ်လည်း သံသာ့အပြစ်တွေကြည့်မို့ အနည်းဆုံးတော့ ဒီဆေးရုံအခန်းလေးထဲမှာ မောင့်ကိုတစ်ယောက်တည်းမဖြစ်အောင် အဖော်ပြုပေးချင်သည်။
မောင့်မိဘတွေ အိမ်ပြန်သည့်အခါမျိုးဆို သံသာ့မောင့်ကိုလာကြည့်ပေးတာဟာ မောင့်ကိုအားနာလို့။ သံသာ့ကြောင့် ဒီလိုတွေဖြစ်သွားရတဲ့ မောင့်ကိုအရမ်းအားနာမိလို့ဖြစ်သည်။