စေ့စပ်ပြီးစီးကြောင်း ကြေညာစာတမ်းထည့်ခဲ့တာ တစ်ပတ်ကျော်လွန်သွားသည်အထိပဲ သံသာအိမ်မှာနေဖြစ်သည်။ အခန်းထဲမှာ တစ်ယောက်တည်းရှိနေရင်းက အချိန်ရှိတိုင်းမှာ မျက်ရည်တွေလည်းကျမိသည်။
အနားမှာရှိနေသည့် ဖုန်းကလည်း အားကုန်နှင့်တာကြာပြီဖြစ်သည်။ အလုပ်ကိစ္စနဲ့ ဖေဖေခရီးသွားနေသည်ကို အခွင့်ယူပြီး ထမင်း၊ဟင်းကိုလည်း ဟုတ်တိပတ်တိမစားဖြစ်ပဲ မေမေ့ကိုပဲစိတ်ဆင်းရဲဒုက္ခတွေဖြစ်စေသည်။
မေမေစိတ်မကောင်းဖြစ်မည်ကို သိနားလည်သည်။ သံသာကိုယ်တိုင်က ဆိုးဝါးတဲ့ခံစားချက်တွေနဲ့မို့ တခြားသူတွေအတွက် ဟန်ဆောင်ပြီး မနေနိုင်တော့တာလည်းဖြစ်၏။
မောင့်ကိုလည်း မတွေ့ချင်။ တစိမ့်စိမ့်နဲ့ စဥ်းစားကြည့်မှ မောင်ရက်စက်သည်။ သံသာ့ကို လက်ထပ်မယ်ဆိုသည်က သံသာ့ကိုချစ်လွန်လွန်း၍ မဟုတ်မှန်းကိုတွေးမိလိုက်သည်။ သံသာ့ကိုချစ်လို့ အဆုံးရှုံးမခံနိုင်တာမျိုးမဟုတ်ခဲ့။
"အေး........။"
အတောမသတ်နိုင်အောင် စီးကျနေသည့် မျက်ရည်တွေကို သုတ်နေရင်းနဲ့မှ၊ နှလုံးသားနာကျင်ထုံးမွှမ်းနေသည့် အချိန်အခိုက်အတန့်မှာ ခေါ်သံက သံသာ့အခန်း၏ပြတင်းနေရာကနေ ခုန်ချလာသူဆီကနေဖြစ်သည်။
"ဟိဏ်း........."
မျက်ရည်တွေကြောင့် ပုံရိပ်လေလားဟုထင်မှတ်ပေမယ့်လည်း သံသာမွေ့ရာအစပ်နားထိလျှောက်လာသူက သံသာ့မျက်နှာကို ဦးစွာမော့ယူပြီးကြည့်ရှုသည်။ အသာအယာနဲ့မျက်ရည်တွေကို ဖယ်ရှားပေးသည်ကြောင့် နူးညံ့တဲ့ဟိဏ်းဆီက ထိတွေ့မှုမှာ ပိုတိုးလို့ငိုချဖြစ်သွားသည်။
"ဘယ်လောက်တောင် ငိုထားလဲကွာ။
မျက်လုံးတွေရဲနေတာပဲ......."ပြောနေရင်းက ဟိဏ်းကပဲထွေးပွေ့သည်လား၊ သံသာကပဲတိုးဝင်သည်လား မခွဲခြားတတ်တော့။ ဟိဏ်းရင်ခွင်ဆီမှာ မျက်နှာအပ်ပြီး ငိုကြွေးနေဖြစ်တာ အသံတွေပြာလာသည်အထိဖြစ်၏။
"အေးရာ...... ဝဏ္ဏထွန်းကို သတ်ပြီး အေးအငိုတိတ်အောင်လုပ်ပေးရမှာလား ပြော။ သူသေမှပဲ အေးမငိုရတော့မှာ၊ကျွန်တော်အခု အဲ့ကောင်ကို သတ်ပေးမယ်။"