"ဗိုက်ဆာပြီး အိပ်ချင်နေပြီ......."
အသံကြောင့် ငြိမ်းငြိမ်းဘက်သို့လှည့်ကြည့်လိုက်သည်တွင် တကယ်ကိုနွမ်းလျနေသည်ကိုတွေ့လိုက်ရသည်။ သံသာကိုယ်တိုင်လည်း ပင်ပန်းနေပေမယ့် ဟိဏ်းတို့ဖွားဖွားနဲ့မှ အတူတူဆေးရုံကနေထွက်လာခဲ့သည်။
ဆေးရုံမှာစောင့်ပေးဖို့အတွက်ကိုတော့ တရားသူကြီးမင်းက သူတစ်ယောက်ပဲကျန်ရစ်ခဲ့မည်ဟု ဆိုသည်ကြောင့် သံသာတို့နဲ့အတူ ဟိဏ်းပါလိုက်လာသည်။ ပင်ပန်းနေသူအချင်းချင်း ငြိမ်းငြိမ်းနဲ့မှီတွယ်ပြီး ပူးကပ်နေဖြစ်သည်ကိုလည်း မိဘတွေရှေ့မှာမို့ ကိုကိုကဘာမှမပြောနိုင်။
ကိုကိုစိတ်မပျော်ရွှင်အောင် မလုပ်ချင်ပေမယ့်လည်း ပင်ပန်းနေသည့် သံသာ့ခန္ဓာကိုယ်က အမှီသဟဲတစ်ယောက်တော့လိုအပ်သည်။ ကိုကို့အမေလည်းရှိနေသည်မို့ ဒီနေရာမှာသူငယ်ချင်းဆိုသည့်ခေါင်းစဥ်ဖြင့် ငြိမ်းငြိမ်းကိုပဲ မှီထားလိုက်တာဖြစ်သည်။
"ကလေးတွေ ထမင်းစားပြီးမှ တစ်ခါထဲနားလိုက်လေ။ အားလုံးပင်ပန်းနေပေမယ့် အစားတော့အရင်စားလိုက်ကြအုံး။ မောင်လွန်းတင်...... သန်းသန်းကို သွားပြောလိုက်ပါကွယ်။ ထမင်းဝိုင်းအဆင်သင့်ပြင်လို့။"
"ဟုတ်အမေ......"
"မုဒြာ...... လာ သမီး။ အမေတို့စကားခဏပြောရအောင်......။"
"အရင်ထိုင်လိုက်ပါအုံး အမေရယ်။ အမေ့အသက်ကဖြင့် ငယ်တော့တာလည်းမဟုတ်ဘူးကို ဆေးရုံအထိလိုက်လာတယ်။"
"မိုးသောက်ရဲ့ သမီးလေေအ။ အမေ့ကျေးဇူးရှင်ရဲ့သမီး။
ဒီကလေးမလေး ဒီကိုပြန်ရောက်ရောက်ချင်းထဲကသာ ခေါ်ထားလိုက်ရင် ဒီလိုတွေတောင်ဖြစ်မှာမဟုတ်ဘူး။ အခုတော့ ထားလိုက်တော့၊ ရှေ့လျှောက်အဲ့ဒီကလေးမကို မုဒြာခေါ်ထားနိုင်မလား။"ချက်ချင်းပဲ သံသာမျက်လုံးတွေပွင့်လာသည်။ ပျင်းတိပျင်းရောနဲ့ ငြိမ်းငြိမ်းပခုံးဆီမှာခေါင်းတင်ထားရာကနေ ခေါင်းထောင်ပြီး လူကြီးနှစ်ယောက်ရဲ့စကားဝိုင်းကို စောင့်ကြည့်လျက်သားဖြစ်သွားသည်။
"ကလေးက မိုးသောက်ရဲ့သမီးဆိုတော့ အမေတို့မှာစောင့်ရှောက်ပေးရမယ့်တာဝန်ရှိတယ်။ လက်ရှိနေနေတဲ့ အိမ်မှာလည်း နေမှာမဟုတ်လောက်ဘူး။ မြိတ်မှာနေဖို့ကလည်း သူ့ကျောင်းကရှိအုံးမှာ။ အဲ့ဒီတော့ သမီးတို့ကပဲ အမေ့ကိုယ်စားစောင့်ရှောက်ပေးဖို့ပြောချင်တယ်။"