" ငြိမ်းငြိမ်း နင်တကယ်ကြီး စီးပွားရေးလုပ်မလို့လား။"
ဒီနေ့ဆို နှစ်ရက်ရှိနေပြီမို့ သံသာ ငြိမ်းငြိမ်းကို မယုံကြည်နိုင်သလိုဖြစ်လာသည်။ တကယ်ပဲ စီးပွားရေးဆိုပြီး သံသာ့ကိုမေးမြန်းနေတာ ညအိပ်ချိန်မှအပ အချိန်တိုင်းပဲဖြစ်သည်။ ပြီးတော့လည်း ပြီးစလွယ်မေးမြန်းတာမျိုးမဟုတ်ပဲ ဘယ်ကနေရလာမှန်း မသိသည့် စာအုပ်ထဲမှာရေးမှတ် နေသေးသည်။
အတန်းချိန် ပြီးထဲကနေ ထိုင်နေရသည်က အခုထိနေ့လည်စာမစားရသေးပေ။ ဝိတ်တာလှမ်းခေါ်ဖို့အတွက်ကိုပင် အလှည့်မပေးနိုင်လောက်အောင် ငြိမ်းငြိမ်းဆီမှာ မေးခွန်းတွေများနေသည်။
" ငါမေးတာ အရင်ဖြေ၊ ရန်ကုန်မှာ ဟိုတယ်ဆောက်ရအောင် ဘာလို့လဲ။ အားလုံးမှာ အိမ်တွေရှိနေမှာပဲမဟုတ်လား"
"ကျစ် နိုင်ငံခြားသားတွေလာလည်မှာမိုလို့လေ။"
"ဟုတ်ပါပြီ နင်ပြောသလို နိုင်ငံခြားသားတွေလည်လာရအောင် ရန်ကုန်မှာဘာတွေရှိလာမှာလဲ အရင်ပြောအုံး။"
" ငြိမ်းငြိမ်း နင်နဂိုထဲက အခုလိုပဲအရမ်း အလုပ်ကိုအာရုံစူးစိုက်တတ်တာလား။"
"ဒါကတော့ နင်ပဲပြောတာလေ။ မမနဲ့ငါနဲ့ရဲ့ အနာဂတ်မှာ စီးပွားရေးကအရေးပါလာမှာဆို။ နင် ပြောပြောနေတဲ့အနာဂတ်ဆိုတာ ဘယ်လိုလဲဆိုတာကို မသိပေမယ့် ငါကအဲ့လိုလူပဲ။ မမနဲ့ ပက်သတ်လာရင် ဖြစ်နိုင်ချေလေးတစ်ခုဆိုရင်တောင် ဂရုစိုက်တယ်။"
"အေး ပါ။"
ငြိမ်းငြိမ်းနဲ့ပက်သတ်ပြီး တော်တော်များများကိုသိထားခဲ့သည်မို့ ထိုစကားကိုတော့ အကြွင်းမဲ့ယုံကြည်သည်။ ငြိမ်းငြိမ်းဆိုတာ မမလင်းနဲ့ပက်သတ်လာလျှင် အမြဲတစေ ဂရုစိုက်လုပ်ကိုင်တတ်သည်ကို သံသာအသိဆုံးဖြစ်ခဲ့သည်။ သံသာမောင်းသည့်ကားကို သူကိုယ်တိုင်တော့ မကြောက်မလန့်လိုက်စီးတတ်ပေမယ့် မမလင်းကိုတော့ထိုကား၏ အရိပ်ကိုပင်မနင်းစေချင်ခဲ့တာ။" ဟိတ် ဟိတ် အဲ့တာဘယ်ကိုလဲ။"
"ဟိဏ်းဆီ........"
ငြိမ်းငြိမ်းဘက်က ထပ်ပြီးတားမလာခင်အရင်မှာ သံသာလှည့်ထွက်လိုက်သည်တွင် မျှော်လင့်မထားသည့် ဝဏ္ဏထွန်းကိုတွေ့လိုက်ရသည်။ သံသာကို ကြည့်နေသည့် သူ့ကိုသံသာကလည်း ပြန်ကြည့်နေမိသည်။