စားသောက်ပြီးသွားချိန်တွင် အေးက တကယ်ပဲ ပြောထားသည့်အတိုင်း သူ့ရုံးဆီလိုက်လာခဲ့သည်။ ကားထဲဝင်သည်နှင့် နဂိုထဲက ကားမောင်းရခြင်းမှာပျော်ဝင်တတ်သည့် အေးက မောင်းသူနေရာမှာ ဝင်ထိုင်သည်။ ထို့ကြောင့် သူလည်း ဘေးမှာ ဝင်ထိုင်ရင်း ဖုန်းကိုထုတ်ကာ ကိုမင်းဆီစာပို့ထားလိုက်သည်။
ဒီနေ့မှာ လူချင်းတွေ့ဆုံပြီး စုံစမ်းမည့် ဝဏ္ဏထွန်းနှင့် ဦးလင်းအံ့အား ကိုမင်း၏ ရုံးခန်းဘက်သို့ ရွေ့ပြောင်းပေးလိုက်ရသည်။ အေးနဲ့ ဝဏ္ဏထွန်းကို မတွေ့စေချင်။ ဒီဘဝမှာ အေးသူ့ကိုချစ်ပေးခဲ့တာကို သိသည်။ ဝဏ္ဏထွန်းကို လျစ်လျူရှုခဲ့တာကိုလည်း သိပေမယ့် သူ့စိတ်ကမရ။
ဝဏ္ဏထွန်းကို အေးနဲ့အဝေးဆုံးကို လွင့်သွားစေချင်သည်။ ဒီဘဝမှာ ဝဏ္ဏထွန်းဆိုတာ သာမန်ရှေ့နေလေးတစ်ယောက်သာဖြစ်သော်လည်း သူ့ဘက်ကအမှုမထားပဲ မနေနိုင်။ ဒီကိုရောက်လာသည့် အချိန်ကနေစပြီး ဝဏ္ဏထွန်းကို စုံစမ်းခဲ့သည်။
"ကိုကို......"
"ဗျာ....."
"ဒီဟာ ဦးလင့်အံ့ကားလားလို့။"
ပါကင်ထိုးနေရင်းကနေ အနောက်ခြမ်းကိုမြင်ရုံနဲ့တင် မေးလာသည့် အေးကြောင့် သူ့မျက်လုံးတွေကယောက်ယက်ခတ်သွားသည်။
"Rolls Royceကားက အရင်လကမှ ငါဝယ်ခဲ့ဝာာ။ ဦးလင်းအံ့လည်းတစ်စီးဝယ်တယ်။ ကားက ရောက်တာလဲ သိပ်မကြာသေးဘူးဆိုတော့ ဦးလင်းအံ့ပဲ ဖြစ်နိုင်ချေများတယ်။ သူဘာလို့ ရုံးကို လာတာလဲမသိဘူး။"
"စာချုပ်ကိစ္စဘာညာ ရှိလို့နေမှာပေါ့ အေးရာ။ လာ ကျွန်တော်တို့ ရုံးခန်းကိုသွားရအောင်။"
လက်လေးကိုဆွဲပြီး နေရာကနေ အမြန်ခေါ်ထုတ်ခဲ့ရသည်။ ကိုမင်းရုံးခန်းဘက်ကို အမြန်ဖြတ်ကျော်ပြီး သူမလေးကို ရုံးခန်းထဲ အမြန်ရောက်အောင် ခေါ်နိုင်ခဲ့သည်။
"ဟွန်....ကိုကို ကားပြိုင်တာတွေ စိတ်ဝင်စားလာပြီလား။"
ဆက်တိုက်မှာ သူထိုင်သည့် စားပွဲကို သွားသည့်အေးက ကွန်ပျူတာထဲကနေ သူရှာဖွေထားသည့် အကြောင်းအရာတချို့ကို တွေ့ရှိသွားပုံရသည်။ သူ့မှာ အမြန်ပြေးပြီး ကွန်ပျူတာကို shut downလုပ်လိုက်ရသည်။ အချိန်ခဏလေးပဲရှိသေးသည် သူ့မှာ ပြာယာတွေခတ်နေရပြီး လူကလည်း စိုးရိမ်စိတ်တွေကြောင့် မောဟိုက်လာသည်။