မနက်စာစားပြီးချိန်တွင် ဟိဏ်းပထမဆုံးပြောလာသည်က သံသာ့ကိုတရားဝင်လက်ထပ်ဖို့ပဲ ဖြစ်သည်။
"မဟုတ်သေးပါဘူး သားငယ်ရယ်။"
"သားတို့ နှစ်ဦးသဘောတူ လက်မှတ်လေးထိုးရုံပဲ အမေ။ လက်ထပ်တဲ့ကိစ္စကိုက အမေစီစဥ်တဲ့အတိုင်းပါပဲ။ အမေ့သဘောလေ....ပြီးတော့ အေးစိတ်တိုင်းကျအားလုံး လုပ်ကြပေါ့။"
"အမေပြောတာလဲ အဲ့လိုပဲလေ။ တစ်သက်မှာတစ်ခါ ဆောင်ရတဲ့မင်္ဂလာဆောင်ကို အလောတကြီးမလုပ်ချင်စမ်းပါနဲ့။ ပြီးတော့ သမီးသံသာ သမီးသဘောကရော.....အန်တီကတော့ အားလုံးသမီးသဘောပဲနော်။ ကြည့်ပါဦး အန်တီ့ချွေးမအငယ်လေးက သမီးဖြစ်လာတာပဲကွယ်....."
အားမလိုအားမရဖြစ်စွာနှင့် ဒေါ်မုဒြာသည် သံသာချိုအေး၏ ဆံပင်အားသပ်တင်ပေးရင်းမှ ချစ်စနိုးဖြင့် ပါးပြင်လေးဆီလည်း ဖျစ်ညှစ်နေသေးသည်။ ထိုသို့ဖြစ်ပျက်နေသည့် မိခင်ဖြစ်သူကိုကြည့်ပြီး ပို၍ရှုတည်တည်ဖြစ်လာသော ဟိဏ်းဇမ္ဘူအား အထာသိနေသည့်ငြိမ်းရှင်လူက ရယ်ခိုးနေသည်။
"အမေ အမေ.....။ ရှေ့နောက်မကြည့်တတ်တာကတော့ တို့အမေအပြင် နှစ်ယောက်မရှိဘူးပဲဗျာ"
ခပ်ဟဟဖြစ်သော ရယ်သံတို့စွက်နေသည့် ငြိမ်းရှင်လူ၏စကားကို ဒေါ်မုဒြာကသဘောမပေါက်သော်လည်း ဦးလွန်းတင်က သဘောပေါက်၏။ သားအငယ်ဖြစ်သူ၏ မျက်နှာပေးမှာတင် အမွှေစိန်သားကရယ်ချင်ချင်ဖြစ်နေတာလည်း မဆန်း။
ဘယ်နှယ့် ဒီသားငယ်အဖြစ်က ချစ်ရတဲ့မိန်းကလေးနဲ့ပက်သတ်ပြီး အမေဖြစ်သူနဲ့တောင်ကြည်ဖြူချင်သည့်ပုံ မပေါ်ပဲ။ ရှုတည်တည်နဲ့ မကျေလည်သလိုမျက်နှာပေးကို ဇနီးဖြစ်သူမုဒြာကလည်း အလိုက်မသိရှာ။
"သူတို့ပြောတာတွေကို အာရုံစိုက်မနေနဲ့ သံသာ။ သမီးမိဘတွေနဲ့ တွေ့ကြရင် အန်တီတို့ဘက်က ဘယ်လိုပြောပြရင်ကောင်းမလဲ။ သူတို့အတွက် ပစ္စည်းတွေသွားဝယ်မယ်လေ။ အော်....ပြီးတော့၊ လင်း.... လင်းလည်း လိုက်ခဲ့လေ။ အန်တီတို့ အပြင်သွားရအောင်။"
"လင်းရောလား....."
တစ်ချိန်လုံးမှာ ငြိမ်နေသည့် လင်းမြတ်သူက ဒေါ်မုဒြာ၏စကားကြောင့်နဲ့ သေချာအောင်အတည်ပြုသည်ကို ငြိမ်းရှင်လူကပြုံးဖြီးဖြီးဖြစ်သွားသည်။
"မမလည်း အမေ့ချွေးမပဲလေ။
သံသာချိုအေးကို အကျောမပေးနဲ့မမ။
သိတယ်မလား ကျွန်တော့်အမေက အားကြီးနဲ့ချမ်းသားတာရယ်။ အပြီသာကပ်ထား......."