အိမ်ပြန်ရောက်ထဲကနေ ငြိမ်သက်နေသည့် ဟိဏ်းဇမ္ဘူကို ညစာစားဖို့ရာအတွက် ငြိမ်းရှင်လူကသွားမခေါ်ရဲ။ သို့နှင့် အမေဖြစ်သည့်ဒေါ်မုဒြာကိုယ်တိုင်ပဲ ဟိဏ်းဇမ္ဘူ၏အခန်းတံခါးကို ခေါက်ရသည်။
"သားငယ်.... ဟိဏ်းဟိဏ်း။"
"ဗျာ အမေ။"
"ထမင်းစားရအောင်လေ...."
"လာပြီ အမေ....။"
စိတ်တိုတတ်သည့်အချိန်တိုင်းမှာ ရေဖြင့်ထိတွေ့တတ်သည့် အကျင့်ရှိသော ဟိဏ်းဇမ္ဘူကအခုအခါမှာလည်း ရေချိုးပြီးခါစဖြစ်သည်။ ပုံမှန်ဆို အညာသွေးပါသူတွေပီပီ မနက်အစောတစ်ခါသာ ရေချိုးတတ်ကြပြီး ညနေဘက်ဆို ခြေလက်ဆေးကြောကြရုံသာ။
"ခေါင်းတွေပါ လျှော်ထားတာလား သားရယ်။"
"ရတယ် အမေ။ ထမင်းစားပြီးရင် ဆေးကြိုသောက်လိုက်မယ်။"
ရေစိုနေဆဲဖြစ်သည့် ဆံပင်စဆီကို လှမ်းလို့ထိတွေ့ခါနီးဖြစ်သည့် ဒေါ်မုဒြာ၏လက်ကို ဟိဏ်းဇမ္ဘူက ဖမ်းကိုင်ထားသည်။ ထို့နောက်မှာ အမေေဖြစ်သူ၏လက်ကိုဆွဲပြီး ထမင်းစားခန်းထဲကိုဝင်လာသည်။
ဟင်းပွဲအဆင်သင့်ပြင်ထားပြီဖြစ်သော ညစာဝိုင်းတွင် ဟိဏ်းဇမ္ဘူက အမေဖြစ်သူကို ဦးစွာထိုင်စေသည်။ အရင်အစမှာတည်းက ညစာဝိုင်းမှာရောက်နေသည့် ဦးလွန်တင်နှင့် ငြိမ်းရှင်လူအပြင် ထပ်တိုးလာသည့် မိသားစုဝင်အသစ်ဖြစ်သည့် လင်းမြတ်သူကပါ ဟိဏ်းဇမ္ဘူထည့်ပေးလာမည့် ထမင်းကိုစောင့်စားနေကြသည်။
မိသားစုထဲမှာ အငယ်ဆုံးဖြစ်သည့် ဟိဏ်းဇမ္ဘူ၏တာဝန်တစ်ခုဖြစ်သည်။ ထမင်းစားချိန်တိုင်းမှာ ကြီးသူတွေကို ဦးစွာအရင် ထမင်းခူးခပ်ပေးရသည်။
"ထပ်ထည့်ပေးဦးလေကွာ....."
"အဲ့လောက်ပဲ စားတော့ ကိုငယ်။
ထမင်းတွေအများကြီးစားလည်း မင်းက အားကိုးမရဘူး။""ဘာလဲဟ....."
ငြိမ်းရှင်လူအား ထမင်းခပ်သည့်ဇွန်းဖြင့် တစ်ဇွန်းသာ ခူးခပ်ပေးသည့် ဟိဏ်းဇမ္ဘူသည် ကြောက်စရာကောင်းတဲ့မျက်လုံးတွေနဲ့လည်း ငြိမ်းရှင်လူ၏နောက်ကျောချမ်းအောင် ကြည့်နေသေးသည်။ ဟိဏ်းဇမ္ဘူတို့ ရုံးမှာဖြစ်ခဲ့သည့် သံသာချိုအေးတို့ကိစ္စမှာ ငြိမ်းရှင်လူကိုပဲ တရားခံရှာသည့် တရာသူကြီးဖြစ်၏။