ကိုကိုနဲ့ ချစ်ကြည်နူးလိုက်၊ ကျောင်းလေးသွားတက်လိုက်ဖြင့် ကျင်လည်နေရင်းမှ အရင်ဘဝကဗီလိန်အကြီးစားကြီးကို မေ့လျော့နေခဲ့သည်။ ဝဏ္ဏထွန်းဆိုသည့် အမြှောက်စာဗီလိန်အသေးစားလေးကို ထာက်ပံ့ပေးခဲ့သည့် ဦးလင်းအံ့။
မေ့လျော့နေတာကြာပြီဖြစ်သည့် ထိုသူကို ကိုကိုတို့အိမ်မှာတွေ့လိုက်ရသည်။ အခုဆို သံသာ့အသက်၁၉နှစ်ပြည့်ပြီ။ ငြိမ်းငြိမ်းနဲ့ ပူးပေါင်းပြီး လုပ်ကိုင်နေသည့် အလုပ်တွေမှာ သံသာတို့နှစ်ယောက်က တရားဝင် လူရှေ့မထွက်မပြသေးသော်လည်း ဆက်နွယ်သည့် အသိုင်းအဝိုင်းကတော့ သံသာတို့ကို သိကြသည်။ ထိုသိသူတွေထဲမှာ ဦးလင်းအံ့လည်း ပါဝင်သည်ကို ထိုနေ့ကမှ သိလိုက်ရသည်။
"ငြိမ်းငြိမ်းဆိုလည်း အရမ်းတော်တဲ့ လူငယ်ပါပဲဗျာ။ ရှေ့လျှောက်မှာဒီလိုလူငယ်တွေနဲ့ ပူပေါင်းပြီး လုပ်ကိုင်ခွင့်ရဖို့ကို မျှော်လင့်ပါတယ်။"
"ငြိမ်းငြိမ်းတို့က ငယ်သေးပါတယ်။"
ထိုသို့ ကြားနေရသည့် စကားတွေကြောင့် ကိုကို့အနားမှာထိုင်နေရင်းကနေ မျက်နှာမဲ့ဖြစ်သွားသည်။ အလကား၊ ဒီလူ အပိုတွေလုပ်နေတာကို သံသာသိသည်။ သူ့လိုအင်မရှိလျှင် အခုလို အချိန်ဖြုန်းတတ်တဲ့လူမှမဟုတ်တာ။ အဲ့လိုလူဟုတ်ရင်လည်း အောင်မြင်တဲ့ လုပ်ငန်းရှင် ဦးလင်းအံ့ဆိုတာမျိုး ဖြစ်လာမှာ မဟုတ်ဘူး။
"ဒါနဲ့ ကိုလင်းအံ့လာတဲ့အကြောင်းက အရေးကြီးကိစ္စများလား။ ရောက်ထဲက စကားကောင်းနေတာဗျာ။"
"ဟုတ်ပါ့ဗျာ။ ကိုယ်လည်း ဒီဖက်ကိုမရောက်တာကြာတာနဲ့ လာရင်းကိစ္စပြောဖို့တောင် မေ့တယ်။ ဒီလို ကိုလွန်းတင်၊ ကျွန်တော့်ကိုဗျာ အမှတ်လေးထဲမှာရှိနေတဲ့ ကိုလွန်းတင်ရဲ့ မြေကွက်ကို ရောင်းပေးဖို့လာပြောတာပါ။ အဲ့ဒီနေရာမှာ ကိုယ့်ဆောက်လုပ်ရေးရုံးချုပ်အတွက် ပလန်ချချင်တာ။"
"ဒါမှ ဒုက္ခပဲ...."
"ဘာဖြစ်လို့လဲ ကိုလွန်းတင်။ ကိုယ်က ခင်ဗျားတို့ ဆန္ဒအတိုင်း အငှားပဲချမယ်ဆိုလည်း ရပါတယ်။"
"ဖြစ်ချင်တော့ အဲ့ဒီအကွက်ကို တနေ့ကမှ သမီးသံသာဆီရောင်းလိုက်တာဗျာ။ ဒီကလေးတွေ ဟိုတယ်ေဆာက်ကြမယ်ဆိုလား။ အားတော့ နာတယ်ဗျာ။"