"အေးကျွန်တော်တို့ အပြင်ထွက်ရအောင်။"
"အပြင်။"
"လာ သွားရအောင်။"
ဒိုင်ယာရီ စာအုပ်ကို ပိတ်ချလိုက်ပြီး အေးလက်ကိုဆွဲကာ အခန်းထဲကနေ ထွက်ခဲ့သည်။မနေ့ညက သူ့ပုံစံကြောင့် ထိတ်လန့်နေပုံရတဲ့ ကိုငယ်က ချက်ချင်းမှာ သူတို့ရှေ့ကို ရောက်လာသည်။
"ဘယ် ဘယ်လဲ။""ကိုငယ်ပါ လိုက်ခဲ့။"
လက်ရှိမှာ မြင်တွေ့နေရသည့် ကိုငယ့်ပုံစံက နုပျိနေဆဲပဲမို့ အခုမှကိုငယ့်ကို သေချာကြည့်မိသည်။ ၇၂နှစ်အရွယ် ကိုငယ်နဲ့ အခုကိုငယ်က တစ်ယောက်ထဲဆိုတာသိပေမယ့်လည်း အခုကိုငယ့်ပုံစံကို ပို၍ သဘောကျသည်။ စမတ်ဖြစ်သည်၊ နုပျိုသည်။ ပြီးတော့ မျက်လုံးတွေမှာကအစ ထက်မြက်မှုတွေမြင်နေရတာ ကောင်းသည်။
"လာ....."
အေးကိုတစ်ဖက်၊ ကိုငယ့်ကို တစ်ဖက် လက်ကနေဆွဲခေါ်ခဲ့ပြီး ထွက်လာခဲ့သည်တွင် ကားပေါ်ကို ရောက်တော့ သူကိုယ်တိုင်က ကားမောင်းသူနေရာမှာ ဝင်လိုက်သည်။ သူ့အပြုအမူတွေကို မေးချင်နေသည့် ကိုငယ်။ ပြောပြချင်နေပုံရသည့် အေး။
သူငယ်ချင်းနှစ်ယောက်သား ပြောစရာတွေများနေပုံရသည်။ ပုံစံတွေအရ သိသာနေသော်လည်း နှစ်ဦးသားက အချင်းချင်း တစ်ပြန်တစ်လှည့် ကြည့်နေရုံကလွဲ၍ စကားသံထွက်မလာတာမို့ သူကပဲ စကားစလိုက်ရသည်။
"ကျွန်တော့် အကြောင်း ကိုငယ့်ကိုပြောပြထားလား။""ဟင့်အင်း မပြောရ သေးဘူး။"
"အေး အကြောင်းရော။"
"အင်း သူသိထားတယ်။"
အေး အဖြေကြောင့် သူပြုံးမိသွားသည်။တကယ်လည်း တွဲမိတဲ့ ဒီသူငယ်ချင်းနှစ်ယောက်။ အေးက အရင်ဘဝနဲ့ ပက်သတ်ပြီး ကိုငယ့်ကိုပြောပြခဲ့ပုံရသည်။ ကိုငယ်ကလည်း အေးပြောတာတွေကို လက်ခံပေးတဲ့ပုံပါ။
"ညီ၊ ညီ မင်းငါ့ကို အဲ့လိုလာမကြည့်နဲ့။
ငါ ကျောချမ်းတယ်ကွ။""ကိုငယ်။
"ဘာလဲ။"
"ကျေးဇူးတင်တယ်။"
မျှော်လင့်ရထားပုံမရတဲ့ သူ့ဆီက ဒီစကားကြောင့် အလွန်အမင်းအံ့ဩသွားတဲ့ကိုငယ်သည် မျက်လုံးအဝိုင်းသားလေးနဲ့သာ သူ့ကိုကြည့်နေသည်။ ထိုထက်ပိုပြီး ကိုငယ့်ရှေ့မှာ မပြိုလဲချင်တာကြောင့် ဘေးကိုချပြီး ကားကို ထိုးရပ်လိုက်သည်။ ထိုနေရာမှာ ကိုငယ်ကို ချခဲ့ပြီး ဆက်မောင်းခဲ့သည်။