"ညနေဘက်ကို ငါတို့အပြင်ထွက်ကြရင်ကောင်းမလား။"
"အေး ခန္ဓာကိုယ်က သက်သာရဲ့လား။"
မေးလာတော့ သံသာစဉ်းစားကြည့်မိသည်။ ခန္ဓာကိုယ် အစိတ်အပိုင်း တချို့က နာကျင်နေဆဲဖြစ်ပေမယ့်လည်း၊ ဒီလို အိပ်ရာလေးအထက် ခြုံစောင်လေးအောက်မှာ ကိုကိုနဲ့အတူပူးပူးကပ်ကပ်နေရတာကို သဘောကျပေမယ့်လည်း အပြင်ထွင်ချင်သည်။
နှစ်ယောက်အတူတူ အားလပ်ရက်လေးရတုန်း ကော်ဖီဒိတ်လေးပဲ ဖြစ်ဖြစ်၊ ရှောပင်ဒိတ် လေးပဲ ဖြစ်ဖြစ်လုပ်ကြည့်ချင်သည်။ သမီးလည်း မရှိ၊ ငြိမ်းငြိမ်းလည်း မရှိ၊ ငြိမ်းချမ်းလင်းလည်း မပါပဲ သံသာနဲ့ကိုကိုနှစ်ယောက်ထဲ အပြင်ထွက်ချင်တာသေချာသည်မို့။
"အင်း ခန္ဓာကိုယ်က သက်သာတယ်။ အပြင်ထွက်ရအောင်။ကိုကိုသွားချင်တဲ့ နေရာရှိလား။""ကျွန်တော်တို့ အထက်တန်းကျောင်းဘက်ကို တော့သွားချင်တယ်။"
ကိုကို့အဖြေကြောင့် သံသာမော့ကြည့်လိုက်တော့ သွားချွန်လေးတွေပေါ်သည်အထိ ရယ်မောပြသည်။ ပြီးမှ သူ့ခံစားချက်ကိုထုတ်ပြောရှာသည်။
"အေးနဲ့အတူ ရှိနေခဲ့တဲ့ ၁၅နှစ်အရွယ်ကိုမြင်ယောင်ကြည့်ချင်လို့။"ဒီလို ဆိုတော့ ကိုကို့အစီအစဉ်ကကောင်းသားပဲဟု သတ်မှတ်လိုက်ပြီး နေအပူချိန်ကျသည်နှင့် သံသာတို့နှစ်ယောက်လုံးအပြင်ဘက်ထွက်ဖို့ ပြင်ဆင်ခဲ့ကြသည်။ အလွယ်ရှိနေသည့် ဝါဖန့်ဖန့်ရောင်စဉ်လေးတွေ ယှက်ပြေးနေသည့် ဒူးတိဂါဝန်လေးကို ဝတ်ဆင်ခဲ့လိုက်သည်။ကိုကိုကတော့ ရှပ်အင်္ကျီအဖြူကို ပန့်အနက်ရောင်ဖြင့်ရိုးရှင်းစွာ ထွက်လာခဲ့သည်။
ဒီလိုပုံစံမှာလည်း ကိုကို့ရဲ့ တည်ငြိမ်မှုတွေက လျှံပယ်နေတာမို သံသာတော့ အရမ်းသဘောကျရသည်။
"ချစ်တယ်နော် ကိုကိုသိလား။"
လုံခြုံ ရေးခါးပတ်ကို ပတ်နေရင်းကနေ အလွယ်တကူ စိတ်ထဲရှိသည့်အတိုင်း ထုတ်ပြောလိုက်သည်။"ကျွန်တော်လည်း ချစ်တယ် အေးကို။"
သံသာ့မျက်နှာဆီ စူးစိုက်ပြီးချစ်ရည်ရွှမ်းနေသည့် အကြည့်တွေနဲ့ ထိုသို့နှုတ်က ပြန်ခြွေတော့လည်း သံသာ့မှာ မနေတတ်အောင်ဖြစ်သွားပြီး ရယ်လိုက်ရုံသာတတ်နိုင်သည်။