"အန်တီ သံသာ ဒါယူမယ်။"
သံသာရွေးချယ်သည့် အင်္ကျီကိုကြည့်ပြီး အန်တီက ခေါင်းငြိမ့်ပေမယ့် မမလင်းကအနားကိုရောက်လာသည်။
"ဒီအရောင်က နည်းနည်း မှိုင်းတယ် သံသာ။
သံသာကြိုက်လို့လား.....ပြီးတော့ ဆိုဒ်ကလည်း အရမ်းကြီးမယ်ထင်တယ်နော်။"Teeအပေါ်မှာ အရိုးခြောက်လက်တွေပါသည့် ဒီဇိုင်းမို့ သံသာအကြိုက်ဖြစ်ပေမယ့်လည်း ရင်းနှီိးဖို့ရာကြိုးစားနေသည့် မမလင်းနဲ့မို့စကားကို အဆင်ချောအောင်သာပြန်ပြောရသည်။
"သိပ်တော့ မကြိုက်ပါဘူး။
ဒါဆိုလည်း မမလင်း ရွေးပေးလေ....."ငြိမ်းငြိမ်းနဲ့ ပက်သတ်ပြီး မမလင်းနဲ့ရင်းနှီးအောင်ပြောလိုက်တာပေမယ့် မမလင်းဘက်က တကယ်ပဲ သံသာ့အပြောကို အင်မတန်စိတ်နှစ်လိုက်ပုံရသည်။ အရမ်းမိန်းကလေးဆန်းသည့် အင်္ကျီသေးသေးလေးတွေက မမလင်းကြောင့်နဲ့ တစ်ထည်ပြီးတစ်ထည် သံသာ့ကိုယ်ပေါ်ကို ရောက်လာသည်။
"ဒီစိမ်းပြာလေးကို အနက်လေးနဲ့တွဲဝတ်ရမှာ။
ဝတ်ကြည့်လေ သံသာ......"ငါးစုံမြောက် ဝတ်စုံအတွက်ကို အဝတ်လဲခန်းထဲမှာ သွားဝတ်ပြီး ထွက်ပြသည်တွင် အန်တီရော၊မမလင်းရောက အရင်ဝတ်စုံတွေကလိုလက်ခုတ်တီးပြီး ဘယ်လိုလှကြောင်းပြောကြသည်ကို နားထောင်ရသည်။ ဒီလိုဆိုတော့ သံသာနဲ့အကြိုက်ပုံစံချင်းတူသည့် ငြိမ်းငြိမ်းကို သတိရမိသည်။
ငြိမ်းငြိမ်းသာဆို သံသာကို ဒီလိုမျိုးအင်္ကျီသေးသေးလေးတွေ မဝတ်ခိုင်း။ ပေါင်လယ်အထိတောင် မရောက်ချင်သည့် စကတ်မျိုးမဆိုထားနှင့် ဂျင်းဘောင်းဘီအပွတွေနဲ့မှ သံသာကမိုက်သည်ဟု ဆိုတတ်တာဖြစ်၏။
"ဒါလေးနဲ့က ပိုလှတယ်နော် အမေ...."
"အင်း လင်းကရွေးတတ်လိုက်တာ။
ကြည့်ဦး သမီးသံသာ ချစ်စရာလေးဖြစ်သွားပြီ။""ပိုချစ်စရာကောင်းသွားအောင် လုပ်လို့ရသေးတယ်။
လာ.... လင်းတို့ Sloonတွေဘက်ခြမ်း သွားရအောင်။"သံသာ့ထက် အရပ်မြင့်သည့် မမလင်းက သူဝတ်ထားသည့် ကိုးရီးယားမလေးတွေအဝတ်များသည့် အတွန့်စကတ်လေးဖြင့် လမ်းလျှောက်တိုင်းဝဲလှည့်နေသည်။ မမလင်းလက်ဆွဲခေါ်ရာနောက်သို့ လိုက်လာရသော သံသာက နောက်ကနေအနီးကပ်ကိုကြည့်ဖြစ်သည်။