စိတ်မကြည်လင်စွာနဲ့ ကိုကို့ရုံးဆီလိုက်လာခဲ့တာဖြစ်သည်။ ဆူပုတ်နေသည့် သံသာ့မျက်နှာအရိပ်အကဲကို ငြိမ်းငြိမ်းကလည်း ကြည့်ကွက်ကြည့်ကွက်ဖြစ်နေပြီး မမလင်းကလည်း အားတုန့်အားနာပုံစံမျိုးဖြစ်နေသည်။ မတတ်နိုင် သံသာတကယ်ကို မကြည်လင်တာဖြစ်သည်။
ဒီငြိမ်းချမ်းလင်းက ဘာလိုလေးလဲမသိ။တစ်ချိန်လုံးကို ငိုယိုနေတာမို့ ရှားရှားပါးပါးနားရက်လေးယူထားတာတောင် သံသာ့မှာအေးအေးဆေးဆေးမနေရ။ ပင်ပန်းနေမှာဖြစ်သည့် သံသာ့ကိုကိုကိုတောင် သွားပြီး ဒုက္ခပေးရအုံးမည်။
ဒီနေ့မှာ အရေးကြီးသည့် အမှုကိစ္စရှိတာကြောင့် ထမင်းစားချိန်ကိုပင် အိမ်ပြန်မလာသည့် ကိုကို့ဆီကို သံသာတို့သုံးယောက်သား ငြိမ်းချမ်းလင်းကိုခေါ်ပြီး လိုက်လာကြရသည်။ ကားပေါ်မှာ တစ်လျှောက်လုံးငိုယိုနေသည့် ကလေးက ကားရပ်သွားသည်နှင့် အငိုတိတ်သွားသည်။
ငြိမ်းငြိမ်းချီပွေ့ထားသည့် ကလေးက ခရိုင်ရုံးကို အကြည့်ပို့သည်။ ဒီရက်၅၀တောင် မပြည့်သေးသည့် ကလေးက ခရိုင်ရုံးကိုသိနေသည်ဟုလည်း မသတ်မှတ်ချင်ပေမယ့် ကိုကို့ရုံးခန်းဆီသွားနေသည့် လမ်းတစ်လျှောက်လုံးမှာ ငိုသံတို့ရပ်တန့်ထားသည်။ အမှုစစ်ဆေးနေချိန် ဖြစ်တာကြောင့် တရားရုံးတော်၏ အလယ်တည့်တည့် ဝင်ပေါက်၏ မျက်နှာချင်းဆိုင်နေရာတွင် ထိုင်နေသည့် တရားသူကြီးမင်း,ဟိဏ်းဇမ္ဘူ၏ပုံစံက မပြောင်းမလဲ ခန့်ညားနေသည်။
ငြိမ်းချမ်းလင်းကျေးဇူးနဲ့ ဝတ်စုံအပြည့်ဝတ်ထာသည့် ကိုကို့ပုံစံကိုပြန်တွေ့ခွင့်ရတာလည်းဖြစ်သည်။ လာသည့် လမ်းမှာ မျက်နှာက စူပုတ်နေသလောက်ပဲ တရားရုံးထဲကိုရောက်တော့၊ ကိုကို့ကို တွေ့လိုက်ရတော့ ချက်ချင်းနဲ့သံသာ့မျက်နှာက အပြုံးတွေဝေသွားသည်။
"မျက်နှာကိုက အမျိုးမျိုးနော် သံသာချိုအေး။"
ဟိဏ်းကြောင့် ကြည်လင်နေသည့် စိတ်အရင်းခံလေးကြောင့် ငြိမ်းရှင်လူ၏ နှောက်ယှက်မှုကြောင့် အချိန်ခဏလေးညှိုးနွမ်းသွားပေမယ့်လည်း ဟိဏ်းဆီက ကြည်လင်မှုတို့ကို မကျော်ဖြတ်နိုင်။ တည်ကြည်ဖြောင့်မတ်သည့် ဒီလူသားရဲ့ပုံစံမှာ ရှားရှားပါးပါးရယူခဲ့သည့် နားရက်ဟာတန်ဖိုးရှိစွာနဲ့ အချိန်တွေကုန်ဆုံးနေသည်။