"ဒီနေ့က ပကဓိမွေးနေ့"
ငြိမ်းငြိမ်းရဲ့သမီးမွေးဖွားမှုမှာ ပျော်ရွှင်နေသည့်ဟိဏ်းက မနက်အစမှာထဲကဘုရားခန်းမှာရှိနေခဲ့သည်။ ကိုကိုပြောသည့်အတိုင်း ငြိမ်းငြိမ်းဆီကလည်း အဆက်အသွယ်ရသည်။ ကလေးလေးမွေးတော့မယ်တဲ့။
ပျော်နေတဲ့ ငြိမ်းရှင်လူမျက်နှာက စပ်ဖြီးဖြီးပေမယ့်သံသာကိုယ်တိုင်လည်း ပျော်ရွှင်သည်။ ရုံးပိတ်ရက်လည်း ဖြစ်တာကြောင့် အားလုံးကအိမ်မှာရှိနေကြပြီး ငြိမ်းငြိမ်းဆီကနေ သတင်းကောင်းကို စောင့်နေကြသည်။"ကိုငယ် ဖုန်းထပ်ဆက်သေးလား အေး။"
"အခုထိတော့ မဆက်သေးဘူး။ အဆင်ပြေမှာပါ။"
"အင်း အဆင်ပြေမှာပါ။"
ထိုသို့ပြန်ပြာရှာပေမယ့်လည်း ကိုကို့ပုံစံကပူပန်နေပုံရသည်။စိတ်ရှုပ်ထွေးမှုတွေက ကိုကို့မျက်နှာမှာ ထင်ဟပ်နေပြီး ရှည်သွယ်တဲ့ လက်ချောင်းတွေကို အချင်းချင်းယှက်ဖြာထားရင်းက အပြင်ဘက်ကို ငေးကြည့်နေသေးသည်။"အဲ့လောက်လဲ စိတ်မပူပါနဲ့သားရယ်။ ကလေးက အဆင်ဆင်ပြေပြေနဲ့ အမေတို့ဆီကို ရောက်လာမှာပါ။"
"ပကဓိ အမေ။ အမေလည်းအရမ်းချစ်မှာ။ အရမ်းလှတဲ့ထဲမှာ ပါမှာ။ ချစ်စရာလည်း ကောင်းတယ်။"
တော်တော်လေး စိတ်လှုပ်ရှားနေပုံရသော ကိုကိုက အန်တီ့ကို ပြောပြနေသည်။ ထိုသို့ကလေးနဲ့ ပက်သတ်ပြီး စကားတွေအများကြီးပြောနေသည့် ကိုကို့ကို အန်တီက အံ့ဩပုံရသည်။ ငြိမ်းငြိမ်းတို့ ကလေးယူကြမည်ဆိုတုန်းက အသည်းအသန် ငြင်းဆန်ခဲ့ဖူးသူကို အန်တီအံ့ဩတာလည်း မဆန်းပါ။
အကြောင်းစုံကိုသိထားတဲ့ သံသာတောင်ကိုကို့ကို နည်းနည်းလောက်အံ့ဩမိနေသည်။ ပကဓိငြိမ်းအောင် မွေးဖွားလာပြီး ကြီးပြင်းခဲ့တာကိုကိုယ်တိုင်မြင် တွေ့ခဲ့သည့်ကိုကိုက အခုအခါမှာဘာလို့ ဒီလောက်တောင်စိတ်လှုပ်ရှားနေလဲမသိ။ ပင်ကိုယ်စရိုက်ဖြစ်တဲ့ ကိုကို့ပုံစံက စိတ်အေးလက်အေးရှိတတ်သူမို့ အခု ကိုကို့ကို သံသာနားမလည်နိုင်တာလဲဖြစ်ပါလိမ့်မည်။
"ဖုန်း ဖုန်းလာပြီ အေး။"
ကိုကို့ကို ကြည့်နေရင်းက အနားမှာချထားသည့် ဖုန်းကိုပါ မေ့လျော့ဖြစ်သွားသည်။ ကိုကိုကတော့ ဖုန်းကိုပဲ အာရုံစိုက်နေပုံရသည်။ တုန်ခါလာသည့် ဖုန်းကို ချက်ချင်းပဲ သတိထားမိသည်။