ရုံးထဲကနေထွက်လာကြသူများ၏ တီးတိုးစကားများအရ သိမ်ငယ်သွားရသည်။
"ကာယကံရှင်မိန်းကလေးကို ခေါ်ပြီးစစ်မေးလိုက်ရင် ရှင်းမှာပါ။"
"အခုတော့ မိန်းမတစ်ယောက်ကြောင့်နဲ့များ...."
စကားများက သံသာကိုပုန်းကွယ်စေသည်။ ဟိဏ်းဆီလိုက်လာခြင်းဖြစ်ပေမယ့်လည်း နံရံအကွယ်ဘက်မှာ သံသာ့ကိုယ်သံသာ ဝှက်လိုက်ရသည်။
"ဆရာဟိဏ်းဇမ္ဘူက ဘယ်လိုဖြစ်တာလဲ မသိဘူးနော်။
ဘယ်မိန်းကလေးနဲ့မှတောင် သတင်းမထွက်ဖူးပဲနဲ့ဟာ။
အခုလို အိမ်ထောင်ရှိပြီးသားမိန်းမနဲ့မှဖြစ်ရတယ်လို့လေ။""ဆရာဝဏ္ဏထွန်းဘက်ကလည်း တော်တော်လေးတင်းမယ့်ပုံပဲ။"
"အေးပေါ့.... သူတို့လက်ထပ်တာတော့မသိပေမယ့်။ အဲ့ဒီတစ်ယောက်နဲ့ ဆရာဝဏ္ဏနဲ့ကတွဲတာကြာပြီ။"
"ဟုတ်တယ် တက္ကသိုလ်မှာထဲကလေ......"
အဖြစ်အပျက်တွေဟာ အတင်းအဖျင်းတွေဖြစ်နေသည်ကို မျက်ရည်ကျဖြစ်သည်။
"အေး........"
ဘယ်အချိန်က ရောက်လာမှန်းမသိပေမယ့်လည်း သံသာမျက်ရည်တွေကို အသာအယာနဲ့ဖယ်ရှားပေးသူက ဟိဏ်းဖြစ်သည်။
"မလိုက်ခဲ့နဲ့လို့ ဒီလောက်တောင်မှာခဲ့တာကိုကွာ။"
ဒီလိုတွေဖြစ်မှာကို သိနှင့်ထားပြီးသားမို့ မလိုက်လာစေချင်သည်ကို နားလည်သွားသည်။ ဒီလိုအခြေအနေတွေကို ကြိုပြီးသိနှင့်တာတောင် ဟိဏ်းကသံသာ့လက်ကို ဆုပ်ကိုင်ထားသေးသည်။
"သွားမယ်။ အိမ်ပြန်မယ်......"
လူတွေကို ဂရုမစိုက်သည့်ဟိဏ်းက သံသာ့လက်ကိုဆုပ်ကိုင်ထားပြီး ကားပါကင်ဆီသို့ ခေါ်လာသည်။ ခရိုင်ရုံးရှေ့က ကားထားသည့်နေရာဆီမှာ မောင့်ကားလည်းရှိနေသည်ကို သံသာမေ့လျော့သွားခဲ့သည်။
လက်ရှိအနေအထားမှာ မောင့်ကိုမတွေ့မြင်ချင်သေးပေမယ့်လည်း ထိပ်တိုက်တွေ့ဆုံမှုမှာ မောင့်နှုတ်ခမ်းတွေက တင်စီးလို့၊ အကြည့်တွေကလည်း အေးစက်စက်နဲ့ရှိနေသည်။
"သံသာ........"
ခေါ်သံကြောင့် သံသာ နောက်ပြန်လှည့်ကြည့်ဖြစ်သွားသည်။