"အေး......."
"....."
အသားမကျသလို လက်တစ်ဖက်အား ဟိဏ်းဆီမှာအပ်နှံထားရခြင်းကို မလုံမလဲဖြစ်နေသည့်အချိန်မှာပဲ သံသာ့ဘက်ကိုကြည့်လာသည့် ဟိဏ်းဆီကအခေါ်ကို ငြိမ်သက်စွာနဲ့မော့ကြည့်ဖြစ်လိုက်သည်။စင်တာထဲမှာ လူများစွာရှိသည်။ သူ့အာရုံနဲ့သူ စျေးဝယ်ထွက်နေကြမှန်းကို သံသာသိသည်။ သို့သော်လည်း စိတ်ကမလုံ။
သံသာနဲ့ရင်းနှီးသည့် တစ်ယောက်ယောက်ကများ မျက်စိရှေ့ ရောက်လာပြီးနှုတ်ဆက်မှာမျိုးကို တွေးကာ စိုးရိမ်သည်။ အဲ့သည်လောက်ထိ သံသာ့ဘက်ခြမ်းက အကြောက်တရားတွေ ပြည့်နှက်နေသည်။
"တစ်ခုခု ဝယ်ချင်တာရှိရင် ဝယ်လေ။"
ဟိဏ်းစကားကို ခေါင်းရမ်းဖြစ်သွားသည်။ ဒီလိုကနေ ဆုပ်ကိုင်ခြင်းခံထားရသည့် လက်နေရာဆီကိုငုံ့ကြည့်မိသည်။
"လက်တွဲထားရတာ ရှက်လို့လား အေး......"
မပြာသင့်ပေမယ့်လည်း ဟိဏ်းမို့ ဒီအမေးအတွက်ကို ပြန်ဖြေဖြစ်သွားသည်။
"ကြောက်လို့......။"ဟိဏ်းလိုလူမို့ ပိုကြောက်ရတာဖြစ်သည်။ သံသာ့လို Long Relationshipကို ပိုင်ဆိုင်ခဲ့ဖူးသည့် မိန်းကလေးတစ်ယောက်အနေနဲ့ မနေ့တနေ့ကမှ အသစ်စတင်ဖြစ်တဲ့Relationshipအတွက်ကို ကြောက်ရွံ့တာကဖြစ်သင့်သည့် ဖြစ်စဥ်တစ်ခု။
ဒါထက်ကိုပို၍ သံသာကြောက်နေတာက ဟိဏ်းအတွက်ကိုဖြစ်သည်။ ဟိဏ်းကိုလူတွေ မေးငေါ့ပြီး တီးတိုးပြောဆိုကြမှာတွေကို တွေးကာစိုးရိမ်ကြောက်လန့်နေခြင်းဖြစ်သည်။
"ကျွန်တော် ရှိတာပဲ။"
မဆိုင်းမတွနဲ့ ဟိဏ်းဆီကစကားသံကြောင့် သံသာအကြည့်တွေက ဟိဏ်းမျက်နှာဆီကို ရောက်ရသည်။ ဒီလို မော့ကြည့်လာဖြစ်တဲ့ သံသာ့မျက်နှာဆီမှာ ဟိဏ်းလက်ဖဝါးနှစ်ဖက်က အုပ်၍ထိကိုင်လာသည်။
လူများစွာရှိနေသည့် ဒီလိုအချိန်အခါ၊ လူများစွာရှိနေသည့် ဒီနေရာမှာပဲ ဟိဏ်းက မျက်နှာငုံ့ကိုင်းလို့လာပြီး သံသာနှုတ်ခမ်းတွေနှင့် ထိတွေ့သည်။ အနမ်းတွေကြောင့်မိန်းမောတာမျိုးမဟုတ်ပဲ မယုံကြည်နိုင်ခြင်းများစွာဖြင့် ခပ်တောင့်တောင့်အနေအထားနှင့်သာ သံသာ့ဘက်က အချိန်တွေကရပ်တန့်နေသွားသည်။