"ကျွန်"(Part-8)

223 9 0
                                    

Unicode

ဦးကို တွေ့ချင်တာကြောင့် အရင်ဆုံခဲ့သည့် ဖိနပ်ဆိုင်မှာ မီးသွားရှာသေးသည်။ ဒါပေမယ့် အရိပ်ပင် မမြင်ရ။ တော်သေးသည်ဟုပဲ ပြောရမလား၊ကိုကို့ဆီကအိမ်လိပ်စာကို အတင်းမေးကာ ယူထားလိုက်သည်မို့။ ကိုကိုက အစကတော့ မပေးပေ‌မယ့် မီးမီးရဲ့ဂျစ်ကျမှုကြောင့် လက်မြှောက်ကာ ပေးခဲ့ရသည်။ ဘယ်လိုပဲပေးပေး အဓိက,ကတော့ မီးလိုချင်တာရခဲ့သည်မဟုတ်ပါလား။

အခုက ကိုကိုလည်း ခရီးသွားတုန်းမို့ ဒယ်ဒီ့ကို သူငယ်ချင်းအိမ်အလည်သွားမည်ဟုပြောကာ ဦးအိမ်လိပ်စာကို ရှာရန်ထွက်လာခဲ့သည်။ ဦးရဲ့အိမ်လိပ်စာက နာမည်ကြီးမို့ သိပ်တော့မရှာလိုက်ရပါ။ 'မဟာ'စံအိမ်ဟု မေးလိုက်ကတည်းက လူတိုင်းသိကြသည်ချည်းသာ။ ဒါပေမယ့် ဦးရဲ့နာမည်ကိုဆက်ပြီး မေးလျှင်တော့ ဘယ်သူမှ မသိတော့ချေ။ ထို့ကြောင့် မီးဖြင့် အံ့တောင် အံ့ဩသွားသည်။ ထိုသို့‌လူတိုင်းသိကြတဲ့အိမ်ကြီးမှာနေတဲ့ ဦးကို ဘာလို့များ လူတွေက မသိကြရတာလဲ။

လူတိုင်းသိတဲ့ 'မဟာ'စံအိမ်ကြီးဆိုတာ ဒေါ်ဒေဝီထိပ်ထားပိုင်တာတဲ့။ ဒေါ်ဒေဝီတို့က ဆွေစဉ်မျိုးဆက် ချမ်းသာပြီး မျိုးရိုးကြီးထဲက အတိအကျပြောရရင် မင်းမျိုးမင်းနွယ်တွေဆိုလား။  ပြီးတော့ အခိုင်းအစေတွေအများကြီးရှိပြီး ခြံအကျယ်ကြီးထဲမှာရှိတဲ့ ခမ်းနားတဲ့ရှေးမြန်မာလက်ရာအိမ်ကြီးတစ်အိမ်လည်း ဖြစ်သည်တဲ့။ ဒေါ်ဒေဝီ့မှာ သားတစ်ယောက်ရှိပြီး ထိုသားကလည်း နိုင်ငံခြားကပြန်လာတာသိပ်မကြာသေးဘူးစသည့်အကြောင်းအရာတွေချည်းပဲမို့ မီးအမှန်တကယ်သိချင်တဲ့ဦးအကြောင်းတစ်စွန်းတစ်စပင် မပါခဲ့ပါ။ ဘာပဲဖြစ်ဖြစ် ကိုကို့ဆီကရခဲ့တဲ့အိမ်လိပ်စာအတိုင်း မီးလိုက်လာခဲ့တာ၊ နောက်ဆုံးတော့ 'မဟာ'ဆိုတဲ့စံအိမ်ကြီးရှေ့ရောက်ပြီလေ။

အင်း...ခြံကြီးကတော့ ကြားထားတဲ့အတိုင်း တော်တော်လေးကို ကျယ်သည့်အထဲမှာပါသည်။ အပြင်ကနေလှမ်းမြင်ရသလောက်ဆိုရင် အိမ်မကြီးထဲသို့ ရောက်ရန်ပင် လမ်းနည်းနည်းလောက်တော့ လျှောက်ရဦးမည်။ ခြံကြီးထဲ လှမ်းကြည့်လိုက်တော့ ပန်းပင်ရေလောင်းသူတချို့ကို တွေ့လိုက်ရတာမို့ လှမ်း၍ ခေါ်လိုက်မိသည်။ ပထမတော့ ဦးကိုရှာတာပါ၊ ဒါပေမယ့် မတွေ့တာမို့ တွေ့တဲ့သူကိုပဲ မေးရတော့မည်။

"ကျွန်"[Completed]Where stories live. Discover now