အပိုင်း ၂၀၉
ညလယ်တွင် ဆင့်ခေါ်ခံရခြင်း
လပြည့်ဝန်းက လှပစွာအလင်းရောင်ကို လွှတ်ထုတ်ပေးနေသည်။ ညခင်းလေပြေကလည်း အေးစိမ့်စွာဖြင့်ဖြတ်တိုက်ခတ်လာသည့်အချိန်တွင် နန်းတော်ဟာ ငြိမ်းချမ်းမှု တိတ်ဆိတ်မှုကို ခံစားလျက်ရှိနေသည်။ ထိန်လင်းစွာရှိနေသေးသော မီးအိမ်များနှင့် လူအချို့ရှိနေသေးသည့်တိုင်အောင် ထိုလူများက လေလွင့်နေသော ဝိဉာဉ်များအလား တိတ်ဆိတ်စွာလျှောက်သွားနေကြလေသည်။
သို့သော် ထိုညက ငြိမ်းချမ်းလွန်းသောည မဟုတ်ခဲ့ချေ။
ထိုအခိုက် လောကီရေးရာနှင့်သက်ဆိုင်သော စိတ်ငြိမ်ဆောင်က နာမည်နှင့်လိုက်ဖက်ညီခြင်း မရှိတော့ချေ။ သခင်မက အနားမယူနိုင်ချေ။ အစေခံများအားလုံးကလည်း အနားမယူနိုင်ကြတော့ချေ။
ဒေါသတကြီးပေါက်ကွဲကာ ပစ္စည်းများအားလုံးကို လွှင့်ပစ်ပြီးနောက်တွင် လုဝူရွှမ်းက အိပ်ယာပေါ်တွင် ဟိုလှိမ့်ဒီလှိမ့်လုပ်နေသည်။ သို့သော် အိပ်မပျော်နိုင်ပြန်ချေ။ သူမ၏နှလုံးသားထဲမှ စိုးရိမ်ပူပန်မှုဟာ အလွန်ပြင်းထန်နေသည်။
သူမက အချိန်အတန်ကြာစောင့်ဆိုင်းခဲ့ပြီးဖြစ်သည်။ သို့သော် မော့ရုန်ကျန်းက ဘယ်သောအခါမှ ရောက်မလာခဲ့ချေ။ သူမက တစ်စုံတစ်ယောက်ကိုပင် စေလွှတ်ကာ သူ့ကို စောင့်ကြည့်ခိုင်းထားပြီး သူဟာ ကောင်းကင်သန့်စင်နန်းဆောင်တွင်သာ တစ်ဖန်အိပ်စက်တော့မည်ဖြစ်ကြောင်း သိလိုက်ရသည်။ သူမ၏နှလုံးသားထဲတွင် ကြိုးထုံးတစ်ခုရှိနေသလိုမျိုး ခံစားနေရသည်။ သူမ၏သူ့အပေါ် စိုးရိမ်မှုများ၊ အခြားအမျိုးသမီးတစ်ယောက်က ကြားဝင်လာမည့်ကို စိုးရိမ်စိတ်များအားလုံးက ပြင်းထန်လာတော့သည်။ သို့ရာတွင် မော့ရုန်ကျန်းက မည်သည့်အမျိုးသမီးနှင့်မျှ အတူရှိမနေခဲ့ချေ။ သူမက ပျော်ရွှင်သင့်သည်။ သူက သူမကို ဒေါသထွက်နေပြီး သူမကို စိတ်ဆိုးနေသောကြောင့် သူမ၏အိပ်ဆောင်ကို လာမလည်ခဲ့သော်လည်း မည်သည့်အမျိုးသမီးနှင့်မျှ အတူရှိမနေခဲ့သည့်အတွက် ပျော်ရွှင်သွားသင့်သည်။