အပိုင်း၂၇၀
"လုယောင်ယောင် ဒါဆိုရင် မင်း ဒီမင်းသားအတွက် နောက်ထပ်အဆာပြေမုန့်တွေ လုပ်ပေးသင့်ပြီ၊ မင်းလုပ်တဲ့အဆာပြေမုန့်တွေက တကယ်အရသာရှိတယ်"
မော့ရုန်ရီက ယဲ့ကျန်းကိုကြည့်လိုက်ချိန်တွင် သူ၏မျက်ဝန်းများက တလက်လက် တောက်ပနေသည်။
"အချိန်ကနောက်ကျနေပြီ မင်းသားငယ်အတွက် ဒီလိုအချိန်မှာ အဆာပြေမုန့်တွေထပ်စားရင် ကျန်းမာရေးအတွက် မကောင်းဘဲဖြစ်ပါလိမ့်မယ်"
ယဲ့ကျန်းကပြောသည်။
အပြန်အလှန်ငြင်းခုန်နေကြသည့်နှစ်ယောက်ကိုကြည့်ပြီး မယ်တော်ကြီးက ချက်ချင်းဆိုသလို ခံစားချက်ကောင်းသွားသည်။ သူမက ဒေါ်လေးချန်းကိုလှည့်ကြည့်ပြီး ခံစားချက်အပြည့်ဖြင့် ပြောလိုက်သည်။
"အိုက်ကျားမှာ ဒီလိုသမီးတော်တစ်ယောက်သာရှိရင် ဘယ်လောက်ကောင်းလိုက်မလဲ"
ထိုဆန္ဒက ဒေါ်လေးချန်းကို ယခုလေးတင် သူမ ရလာသည့်သတင်းတစ်ခုကို ပြန်၍သတိရသွားမိစေသည်။ ဧကရာဇ်က မနေ့ညက စာကြည့်တိုက်စေတီထံသို့ သွားရောက်လည်ပတ်ခဲ့သည်။ သူမက တွေးတောရင်း သက်ပြင်းသာချလိုက်သည်။
ဒီလိုသမီးတော်မရှိရင်တောင်မှ ဘယ်သူသိမှာလဲ၊ ချွေးမတော်အနေနဲ့ ရနိုင်သေးတာပဲ။
စေတီအတွင်းတွင်ဖြစ်ပျက်ခဲ့သော ကိစ္စများအတွက်မူကား သူမက လျစ်လျူရှုလိုက်သည်။
"အပြင်မှာ နှင်းကျနေပြီ"
ယဲ့ကျန်းက ပြူတင်းပေါက်နားတွင် လွင့်မြောနေသောနှင်းမှုန်များကိုကြည့်ပြီး ပြောလိုက်သည်။
"ဒါက ဒီနေ့ရဲ့နောက်ဆုံးနှင်းဖြစ်လောက်တယ်၊ မနက်ဖြန်ဆိုရင် ရေခဲမီးအိမ်လုပ်လို့ရပြီ"
"နန်းတွင်းမှာ ရေခဲမီးအိမ်တွေအများကြီးရှိတယ်၊ နှစ်သစ်ကူးပွဲတော်က အခုကနေ လဝက်ကျော်လောက်လိုနေသေးတယ်၊ အချိန်ကျလာတဲ့အခါ မြို့တော်ရဲ့လမ်းတိုင်းမှာ ရောင်စုံမီးအိမ်တွေ ထွန်းညှိထားကြလိမ့်မယ်၊ မီးအိမ်ပွဲတော်အတောအတွင်းမှာ မီးအိမ်တွထိပ်တိုက်ဆုံသွားကြရင် ပိုပြီးလှပကြအုံးမှာပဲ"