အပိုင်း ၂၃၅
ယဲ့ကျန်းက သူမက ပြောလိုသောစကားအထိ ပြောပြီးသွားသည့်အခါ သူမ၏နှုတ်ခမ်းထောင့်များက ကော့တက်သွားသည်။
"တို့ အကယ်ဒမီကိုပြန်တော့မယ်၊ တို့ ဒါလေး ကျဲကျဲကိုပေးခဲ့မယ်၊ ဒါက နှင်းဆီရေလေ၊ တို့က အိပ်ယာမဝင်ခင် ညတိုင်း မျက်နှာပေါ် လိမ်းအိပ်တာ၊ လုပ်နည်းကိုတော့ အကယ်ဒမီက ဆေးစာအုပ်တွေကိုဖတ်ရင်း ရခဲ့တာပဲ"
"ဒါက ဘာအတွက်ကောင်းတာလဲ"
လုဖန်းကမေးသည်။
"နှင်းဆီရေက လူတစ်ယောက်ရဲ့အသားအရေကို သွေးရောင်လွှမ်းစေတယ်"
ယဲ့ကျန်းက ပြုံးပြီးဆက်ရှင်းပြသည်။
"တို့ ဒါကို အဖွားအတွက်လည်း နှစ်ပုလင်းပေးထားသေးတယ်"
လုဖန်း၏မျက်ဝန်းက တောက်ပသွားသည်။
"ကောင်းပြီလေ ကျေးဇူးအများကြီးတင်ပါတယ်"
ယဲ့ကျန်းက ပြုံးလိုက်သည်။
"ဒါဆိုရင် တို့ သွားတော့မယ်"
"ယောင်ယောင် နင် လျန်မိသားစုအကြောင်းသိလား"
သူမ၏မျက်နှာကနီရဲနေသည်။ လုဖန်းက ထွက်သွားတော့မည့်ယဲ့ကျန်းကို တားလျက်မေးလာခြင်းဖြစ်သည်။
"တို့ ကြားဖူးတယ်"
ယဲ့ကျန်းက မျက်မှောင်ကြုတ်လျက်ဆက်ပြောသည်။
"တို့ကတော့ စိတ်မဝင်စားပါဘူး၊ တို့အနေနဲ့ လေ့လာစရာရှိတဲ့ပညာတွေ အများကြီးကျန်နေသေးတဲ့အချိန်မျိုးမှာ စေ့စပ်တာမျိုးတောင် မလုပ်ချင်ဘူး"
ထိုစကားများက လုဖန်း၏မျက်နှာရှိ အပြုံးကိုပို၍တောက်ပသွားစေသည်။ သူမ၏မျက်ဝန်းများကပင် ပြုံးရယ်သွားသည်။
"ဒါဆို တို့ မင်းကို ပြန်လိုက်ပို့မယ်"
ယဲ့ကျန်း၏မျက်ဝန်းထဲတွင် ထူးဆန်းသောအလင်းကလက်သွားသည်။
"အင်း"
စကားလုံးအနည်းငယ်တည်းနှင့်ပင် ထိုမိန်းကလေး၏စိတ်အခြေအနေကို ပြောင်းလဲအောင် လုပ်လိုက်နိုင်သည်။ သို့သော် သူမက စိတ်ထဲမထားချေ။ သူမ၏လာရင်းရည်ရွယ်ချက်က ပြည့်မြောက်သွားပြီဖြစ်သည်။