အပိုင်း၂၅၈
ထိုဖြစ်ရပ်က သခင်မကြီး၏စိတ်အခြေအနေကို သက်ရောက်သွားခဲ့သည်။ ယဲ့ကျန်းနှင့်လုရှီမင်က မနည်းကြိုးစားပြီး သခင်မကြီး၏စိတ်အခြေအနေကို ပြောင်းအောင်လုပ်ခဲ့ရသည်။ အနည်းဆုံး ထိုသားအဖနှစ်ယောက်၏ဟာသများနှင့် သူတို့၏နယ်မြို့မှ ဖြစ်ရပ်များက ထိုအိမ်တော်တစ်ခုလုံးကို ရယ်သံများဖြင့် ပြည့်နှက်သွားစေသည်။
"မင်း မင်းအဖေရဲ့အကျင့်တွေ အများကြီးသင်ထားတာပဲ၊ ယောင်ယောင်က တကယ်ကို စည်းကမ်းမဲ့တဲ့မျောက်လေးလိုမျိုး အရမ်းကိုဆော့ကစားတတ်ခဲ့တာ မဟုတ်လား"
သခင်မကြီးလုက စနောက်သလိုဖြင့် ထိုသို့သွန်သင်ပြီးနောက် ယဲ့ကျန်းကို သူမ၏လက်မောင်းထဲသို့ ဆွဲခေါ်ကာစသည်။
"အဖွား စည်းကမ်းမဲ့တဲ့မျောက်လေးတွေရဲ့ ကလေးကလည်း စည်းကမ်းမဲ့တဲ့ မျောက်လေးတွေပဲလေ"
ယဲ့ကျန်းက အလေးအနက်ထားကာပြန်ဖြေသည်။
"ဒါဆို အမေကလည်း စည်းကမ်းမဲ့တဲ့မျောက်လို့ နင်က ဆိုလိုတာလား"
ဘေးဘက်မှ လျှိုရှီက အပြုံးတုဖြင့် ယဲ့ကျန်းကို အသားထဲဝင်နေသော ဆူးချွန်တစ်ခုအလား ဝင်၍မှတ်ချက်ချလိုက်သည်။
ဒီလျှိုရှီကတော့ ဒီလိုစကားမျိုးကို ဘယ်အချိန်ပြောရမလဲဆိုတာကို မသိဘူးပဲ။
ယဲ့ကျန်း၏မျက်နှာတွင် ကြည့်ကောင်းသောအပြုံးက ပေါ်လာပြီးနောက် ယဉ်ကျေးစွာပြောသည်။
"ဒေါ်လေး အဖွားကသာ မျောက်ဆိုရင် လူဘယ်လောက်များများ မျောက်ဖြစ်ချင်ကြမလဲ မသိတော့ပါဘူး၊ ဘယ်သူက သခင်မကြီးလုလိုမျိုး အရမ်းလှပတဲ့မြေးမလေးတွေကို ပိုင်ဆိုင်ထားနိုင်ကြမှာလဲ၊ အရမ်းလှတဲ့မြေးမလေးတွေ၊ အရမ်းချောမောတဲ့မြေးတွေ၊ အစ်မကြီးနဲ့အစ်ကိုကြီးတို့လို အရာရှိတွေ အထက်တန်းလွှာတွေဖြစ်အောင် ဘယ်သူကများ မွေးထုတ်ပေးနိုင်လို့လဲ"
အခန်းတစ်ခုလုံးက ရယ်သံများဖြင့်ပြည့်နှက်သွားပြန်သည်။ လုရှစ်ရွှမ်းက ခေါင်းကိုခါပြီး လုရှီမင်ကိုပြောသည်။