အပိုင်း ၁၉၈
အခန်းဟာ သေလုခြောက်ခြားဖွယ် တောင့်တင်းသောလေထုနှင့် ပြည့်နှက်နေသည်။ သို့သော် မင်းသားငယ်၏နာကျင်သောအော်ငိုသံကမူ ပြည့်နှက်နေလေသည်။ လူတိုင်း၏စိတ်အခြေအနေက အမျိုးမျိုးဖြစ်နေသည်။ နန်းဆောင်သခင်က သည်လိုအခြေအနေဖြစ်နေလေရာ တော်ဝင်သမားတော်၏ မျက်နှာအမူအရာကလည်း မကောင်းတော့ချေ။ အနားတွင်ရှိနေသော လက်ထောက်များ၊ မိန်းမစိုးများအားလုံးကလည်း စိုးရိမ်တကြီးဖြစ်ကာ ပူပန်နေကြသည်။
မည်သို့ပင်တွေးနေစေကာမူ မည်သူပင်ဖြစ်စေကာမူ မည်သူကမျှ ယဲ့ကျန်းကို မနှောင့်ယှက်သလို အသက်ပင်မရှူရဲကြချေ။ သူမအတွက် အနှောင့်အယှက် ဖြစ်သွားမည်ကို စိုးရိမ်နေကြသည်။
ထို့ကြောင့် မယ်တော်ကြီးက မင်းသားငယ်၏အိပ်ခန်းဆောင်အတွင်း ရောက်နေသောအခါ မိန်းမငယ်လေးက သူမသား၏ခန္ဓာကိုယ်ကို ထူးဆန်းသော သိုင်းတစ်မျိုးဖြင့်သုံးကာ ဖိနှိမ့်နေခြင်းကိုသာ မြင်လိုက်ရသည်။ တစ်ဖက်သူက ဘာလုပ်နေမှန်း နားမလည်သော်လည်း ဆေးကုသနေကြောင်းကို တစ်ချက်သိလိုက် သည်။ ထို့ကြောင့် ချီကျင်းကိုသာ လှည့်ကြည့်လိုက်သည်။ တစ်ဖက်ကျွမ်းကျင်ပညာရှင်က ခွင့်ပြုထားရုံသာမကလေဘဲ ရပ်ကြည့်သူအနေအထားမျိုးနှင့်ပင် ဘေးနားတွင် ရပ်နေကြောင်း မြင်လိုက်ရသောအခါ သူမသည်လည်း အံ့ဩသွားရတော့လေသည်။
ဆရာကိုယ်တိုင်ကပင် တပည့်ဖြစ်သူကို မနှောင့်ယှက်ဘဲ ဘေးဘက်တွင် အပြင်လူတစ်ယောက်လို ရပ်နေခြင်းဖြစ်နေကတည်းက တစ်ဖက်သူဟာ မင်းသားငယ်ကို ယခုလိုနှိပ်နယ်သည့်နည်းတစ်မျိုးဖြင့် ကုသခြင်းကို မတားဆီးသည့်အကြောင်းပြချက် ရှိနေကြောင်း သေချာသွားသည်။ သူတို့ကလည်း ထိုမိန်းကလေးငယ်လေးက သူမ၏ သေးသွယ်ပျော့ပျောင်းသောလက်လေးများဖြင့် အကြောအမှတ်နေရာများကို ဖိနှိမ့်နေခြင်းကို ခွင့်ပြုထားသည်။ သူမက တစ်ချက်ဖိလိုက်ချိန်တိုင်း သူမ၏ ဖျော့တော့သောလက်များက ပို၍ပင်ဖြူစုတ်သွားသည်မှာ သွေးများဆုံးရှုံးသွားသည့် အလား ထင်ရသည်။ သို့သော် သူမ၏မျက်နှာတွင်မူ မောပန်းနွမ်းနယ်ဟန်၊ နာကျင်ဟန်မရချေ။