အပိုင်း ၂၂၀ စစ်နင်နန်းဆောင်
မယ်တော်ကြီးက ရှို့နွီဓါတ်ပုံများကို ကြည့်လျက် သူမ၏သားတော်ဖြစ်သူ မော့ရုန်ကျန်းအတွက် ကြော့ရှင်းကြည့်ကောင်းပြီးရည်မွန်ကာ ညင်သာသိမ်မွေ့သော မိန်းကလေးကို ရွေးပေးရန်ကြံစည်နေသည်။
"ဒီအရာရှိရဲ့သမီးက မယ်တော်ကြီးကို ဂါဝရပြုပါတယ်၊ မယ်တော်ကြီး သက်တော်ရာကျော်ရှည်ပါစေ"
ယဲ့ကျန်းက ဝင်လာပြီးနောက်တွင် ရိုသေလေးစားစွာဂါဝရပြုလေသည်။
သို့ရာတွင် စားပွဲပေါ်ရှိရှို့နွီဓါတ်ပုံများကို မြင်လိုက်ချိန်တွင် သူမ အနည်းငယ် ကြောင်သွားသည်။
ငါ အချိန်မှားလာမိတာလား။
ဒါပေမယ့် ငါ့ကိုအခေါ်ခံရတာပါ။
မယ်တော်ကြီးက ယဲ့ကျန်းကိုမြင်သည်နှင့် ချစ်ခင်မြတ်နိုးစွာဖြင့် တောက်ပစွာ ပြုံးလိုက်ပြီး ပြောလိုက်သည်။
"ယောင်ယောင် ဒီကိုလာပါအုံး"
ယဲ့ကျန်းက မယ်တော်ကြီး၏ဘေးနားသို့ သွားလိုက်သည်။
"အိုက်ကျားက မနေ့ညက ကိစ္စကိုသိပြီးပြီ"
မယ်တော်ကြီးက သူမကို သနားစလိုကြည့်သည်။ မယ်တော်ကြီးကဲ့သို့ နန်းတော်ထဲတွင် နှစ်ပေါင်းများစွာ နေထိုင်လာခဲ့မိသူတစ်ယောက်အနေနှင့် သူမ၏အနားသို့ ရောက်လာသောအရာအားလုံးအပေါ် မယုံကြည်ချေ။ သူမကိုယ်တိုင်က လုယောင်ယောင်၏စရိုက်ကို သံသယဝင်ပြီး ထိုသခင်မလေးက ဧကရာဇ်၏အရှေ့တွင် တမင်ပေါ်လာသည်ဟု ယုံကြည်ခဲ့ဖူးသည်မှာလည်း မှန်ခဲ့သည်။ သို့ရာတွင် သူမက မင်းသားငယ်အပေါ် စိုးရိမ်သည့်လုယောင်ယောင်၏စိတ်ရင်းကို မြင်ရချိန်တွင် သူမကသာ အတွေးများခဲ့သူဖြစ်ကြောင်း သေချာသွားခဲ့သည်။
သူမကို သေချာစိုက်ကြည့်ပြီးနောက်တွင် သူမကို မော့ကြည့်နေသော လုယောင်ယောင်၏အကြည့်က သူမ၏အတွေးတိုင်းကို ဖောက်မြင်နိုင်လောက်အောင် ကြည်လင်လွန်းနေခဲ့သည်။ သူမကသာ ဧကရာဇ်အပေါ် အနည်းငယ်သော မကောင်းသည့်စိတ်ဆန္ဒရှိနေခဲ့မည်ဆိုလျှင် သူမက ထူးထူးခြားခြားလုပ်ဆောင်ရန်ပင် မလိုလောက်ချေ။ သူမ၏အကြည့်တစ်ချက်တည်းနှင့်ပင် ဧကရာဇ်ပင်ဖြစ်စေ၊ မည်သို့သောအမျိုးသားများပင်ဖြစ်စေ ငြင်းဆန်နိုင်လိမ့်မည် မဟုတ်တော့ချေ။