အပိုင်း (၂၀၃)
မီးအိမ်ပွဲတော်ဟာ သိပ်မဝေးတော့ချေ။ လူငယ်၊ လူကြီး၊ လူချမ်းသာ၊ လူဆင်းရဲ အားလုံးဟာ ပျော်ရွှင်မှုအပြည့်ဖြင့် စည်းစည်းလုံးလုံးအောင်ပွဲခံကြမည်ဖြစ်သည်။ လမ်းတိုင်း၊ ခြံဝန်းတိုင်းတွင် မီးအိမ်များကို ထွန်းညှိထားပြီး ပျော်ရွှင်ဖွယ်မြင်ကွင်းကို ဖြစ်ပေါ်နေစေသည်။ တော်ဝင်နန်းတော်ဟာ ပွဲတော်လေဖြင့် လွှမ်းခြုံနေပြီး ထောင့်တိုင်းနေရာတိုင်းဟာ ခမ်းနားတောက်ပနေသည်။
လောကီရေးရာနှင့်သက်ဆိုင်သော စိတ်ငြိမ်ဆောင်ထံသို့ ဦးတည်ရာ လျှောက်လမ်း ကျောက်တုံးလှေကားထစ်များအပေါ်တွင် ရပ်နေသော ပုံရိပ်၏မျက်ဝန်းများကမူ ပွဲတော်စိတ်အခြေအနေနှင့် သက်ဆိုင်ခြင်းမရှိသလို ဖြစ်နေသည်။
ထိုနန်းတော်ငယ်အတွင်းမှ လူတိုင်းက ရှေ့ရှိလမ်းကိုသာစိုက်ကြည့်နေကြပြီး အရပ်ရှည်သောပုံရိပ်ကို မျှော်လင့်တကြီးစောင့်ဆိုင်းနေကြသည်။ ထိုညတွင် သူတို့အားလုံး စိတ်ပျက်သွားရပြန်သည်။ အချိန်အတန်ကြာ စောင့်ဆိုင်းပြီးသည့်တိုင်အောင် သူတို့မျှော်လင့်နေသော မြင်တွေ့ချင်သည့် ပုံရိပ်ကို မမြင်ကြရချေ။
သတင်းကိုစောင့်ရန် အချိန်အကြာကြီး ထိုနေရာတွင်ရပ်နေခဲ့သည့် နန်းတွင်းအစေခံက သတင်းပြန်ပို့ရန်အတွက် ပြန်သွားပြီးနောက်တွင် ရိုသေလေးစားစွာဖြင့် ဒူးထောက်ကာ ဂါဝရပြုလိုက်သည်။
"အရှင် ဧကရာဇ်က အခုလေးတင် တော်ဝင်စာကြည့်ဆောင်က ထွက်သွားပြီး မင်းသားငယ်ရဲ့စံအိမ်တော်ကို ဦးတည်နေပါတယ်"
လုဝူရွှမ်း၏မျက်နှာမှ တောင့်တင်းမှုက အတန်ငယ်ပြေလျော့သွားသည်။ သို့သော် သူ၏စိတ်ပျက်လက်ပျက်ဖြစ်နေသော မျက်ဝန်းထဲတွင် အလင်းရောင်တစ်စက လက်သွားသည်။
ငါသာ သေချာအာရုံမစိုက်တော့ရင် ဒီနိမ့်ကျတဲ့အစေခံတွေက ကိုယ့်နေရာကိုယ် သိတော့မှာ မဟုတ်တော့ဘူး။
နန်းတော်ထဲရှိဘဝက နှင်းဆီပန်းခင်းအိပ်ယာအလားဖြစ်သည်။ အမျိုးသားများက အာဏာရှိပြီး စိတ်ထင်ရာလုပ်၍ရနေချိန်တွင် အမျိုးသမီးများကမူ မလုံခြုံမှုကို အမြဲတစေခံစားရကာ ကျွန်သဖွယ်စောင့်ဆိုင်းနေရသည်။ သူတို့ မည်သည့်အချိန်တွင် မည်သို့ အဆုံးသတ်မည်ဖြစ်ကြောင်းကိုလည်း မည်သူကမျှ မပြောနိုင်ချေ။ အမြဲတစေ တောက်ပခမ်းနားမှု နိမ့်ကျသွားမှု မြင့်မြတ်မှုကြားတွင်သာ အလုပ်လုပ်နေရသည်။