အပိုင်း၂၃၇ အမတ်၏အကြံ (၂)
ယဲ့ကျန်း၏စိတ်ထဲတွင် ဒေါသများထွက်လာပြီဖြစ်သည်။ လူတစ်ယောက်၏ မကောင်းသော အပြုအမူများကြောင့် ကလန်တစ်ခုလုံး၏ကောင်းမွန်သောလူတိုင်း သို့မဟုတ် ကောင်းမွန်သောကိစ္စတိုင်းကို လျစ်လျူရှုခံရသည်။
ဟုတ်တယ်၊ ငါ့ရဲ့ဦးလေးကသိုးမဲပဲ၊ ဒါပေမယ့် ဘာလို့မိသားစုတစ်ခုလုံးက ဒီလိုဖျက်ဆီးခံရဖို့ ထိုက်တန်တာလဲ။
သူတို့ရဲ့အသက်နဲ့ပေးဆပ်ပြီးတာနဲ့တင် လုံလောက်ပြီမဟုတ်ဘူးလား၊ ဘာလို့ သေပြီးတာတောင်မှ အခုလိုတားမြစ်ခံနေရအုံးမှာလဲ။
ဘာပြဿနာဖြစ်လာမှာမို့လို့လဲ၊ ဘာကို အပြစ်ပေးတာလဲ။
ဒီလူတွေကို အမှန်တရားကို သိရဖို့တောင်ဂရုစိုက်ကြရဲ့လား။
"ယောင်ယောင် ဒါက ကိုယ်ဆိုလိုတာမဟုတ်ပါဘူး"
ထန်းကျန့်က အလျင်စလိုပြောသည်။ သူက သူမနှင့်ဆက်ဆံရေးက ပို၍ဆိုးသွားမည် စိုးသဖြင့် ထိုစကားကို ဆက်မပြောလိုတော့ချေ။ ယခုကတည်းက အခြေအနေက မကောင်းတော့ချေ။
"ကိုယ်က အဲ့ဒီလူတွေ မင်းရဲ့ရှေ့မှာပြောခဲ့တဲ့တာက အမှန်မဟုတ်ဘူးလို့ သတိပေးချင်တာပါ၊ မင်းက အယုံလွယ်ပြီးအပြစ်ကင်းစင်တာကို သူတို့က အခွင့်ကောင်းယူသွားတာကြတာ၊ အဲ့ဒီလူရဲ့ရည်ရွယ်ချက်က ဘာဆိုတာ မင်းထက်ကိုယ်က ပိုနားလည်ပါတယ်"
သူ့အနေနှင့် ဆရာမရှန်းက ထိုမိန်းကလေးကို အယုံသွင်းသွားသည်ဟု ပို၍သေချာလာသည်။ ယခင်ကဆိုလျှင် သူက သည်အတိုင်းမှန်းဆရုံမျှသာဖြစ်သော်လည်း ယခုမူ ထိုဆရာမ၏လုပ်ရပ်ကို ပို၍သေချာလာသည်။ ပထမတစ်ချက်အနေနှင့် သူမက ယခင်ဝမ်ဖေး၏ဆရာမဖြစ်ခဲ့ပြီး တပည့်ဖြစ်သူအတွက် သနားစာနာစိတ်က ပြင်းထန်စွာ ရှိနေပေလိမ့်မည်။ ဒုတိယတစ်ချက်အနေနှင့် သည်မိန်ကလေးက နယ်မြို့မှ တက်လာခြင်းဖြစ်ပြီး သူမနှင့်လုံးဝပတ်သက်မှုမရှိသော တစ်စုံတစ်ယောက်အတွက် ထိုမျှအထိ စိတ်အားတက်ကြွပေးနေစရာအကြောင်းမရှိချေ။
"အမတ်ထန်း အမတ်ထန်းက ဘယ်သူ့ရဲ့ကိုယ်စား လာပြောပေးနေတာပါလဲ"