အပိုင်း၂၆၈
"ဒီအရာရှိရဲ့သမီးက ထွက်သွားပါတော့မယ်"
ယဲ့ကျန်း၏မျက်ဝန်းထဲတွင် ရယ်မောလှောင်ပြောင်ချင်ဟန် တစ်စွန်းတစ ဖြတ်သန်းသွားသည်။ သူမက ခေါင်းကိုငုံ့လျက် စာကြည့်တိုက်စေတီမှ လမ်းလျှောက်ထွက်ခဲ့လိုက်သည်။ ထိုတစ်ခဏတွင် သူမ၏ခေါင်းထဲရှိအတွေးကို မည်သူမျှ မသိနိုင်လောက်ချေ။ သို့သော် သေချာနေသောတစ်ချက်က လက်ရှိဖြစ်ပျက်လာသော ကိစ္စများ၏အခြေအနေအရ အနာဂါတ်တွင် သူက သူမကို တစ်စုံတစ်ရာ လုပ်လာမည့်အရေးကို စိုးရိမ်ရန် မလိုအပ်တော့ခြင်းဖြစ်သည်။
"တတိယသခင်မလေးလု"
အပြင်ဘက်တွင်စောင့်ကြည့်နေသော မိန်းမစိုးဖူက အနည်းငယ်အံ့ဩသွားသည်။ ဘာလို့ ဒီက အရင်ဆုံးထွက်လာတဲ့လူက တတိယသခင်မလေးလုဖြစ်နေတာလဲ။
"မိန်းမစိုးဖူ"
ယဲ့ကျန်းကလည်း တွန့်ဆုတ်စွာပြုံးလိုက်သည်။ မိန်းမစိုးဖူက ဘာမှ ဆက်မမေးနိုင်ခင်မှာပင် အတွင်းမှ မော့ရုန်ကျန်း၏ကျောက်တုံးလိုအော်ဟစ်သံကြီးက ထွက်ပေါ်လာသည်။ ယဲ့ကျန်းက ဖျော့တော့စွာသာပြုံးလိုက်သည်။ မိန်းမစိုးဖူကမူ တုန့်ပြန်သည့်အနေဖြင့် ခေါင်းသာငြိမ့်ပြလိုက်ပြီး အတွင်းသို့ အလျင်အမြန် ပြေးဝင်သွားလိုက်သည်။
ပြန်ပြောင်းတွေးကြည့်လျှင်ပင် ယဲ့ကျန်းအနေနှင့် ယခုပြုမူခဲ့သော အခြေအနေများအပေါ် နောင်တမရချေ။ သူမက အမြဲတစေ အချိန်ဆွဲတတ်သူမဟုတ်သလို စကားအပြောအဆိုကလည်း ပြတ်သားကာ ဆုံးဖြတ်ချက်ကလည်း ပြတ်သားသည်။ သူမက အကျိုးဆက်ကိုမတွေးဘဲ လှုပ်ရှားတတ်သောလူ မဟုတ်ချေ။ သေချာနေသည်မှာ သူမအတွက် စာကြည့်တိုက်စေတီသို့လာရခြင်းဟာ ပထမဦးဆုံးနှင့်နောက်ဆုံးအကြိမ် ဖြစ်သွားလောက်သည်။ သူမ မကြာခဏနန်းတွင်းသို့ဆင့်ခေါ်ခံရခြင်းမျိုးပင် မရှိလောက်တော့ချေ။
စာကြည့်တိုက်၏ဂိတ်ဝသို့ ဖြေးညှင်းစွာရောက်သွားသောအခါ စာအုပ်များကို နောက်ထပ်တစ်ကြိမ်ဖတ်ရန် အခွင့်မရှိတော့သောကြောင့် အနည်းငယ် ဝမ်းနည်းသွားမိသည်။ သူမ ထိုစာအုပ်များကိုမဖတ်ရလျှင်လည်း အဆင်ပြေကြောင်းကို နားလည်ထားသည်။ မည်သို့ပင်ဆိုစေ သူမ ယခင်နှစ်ရက်အတွင်းတွင် ဗဟုသုတ အများအပြားကိုရရှိလိုက်ပြီဖြစ်ပြီး ထိုအချက်တစ်ခုတည်းနှင့်ပင် လုံလောက်နေလေပြီ။