အပိုင်း၂၄၀
ဆွစ်
"ယောင်ယောင် သတိထား"
ဆွန်းဝမ်က ယဲ့ကျန်း၏ဘေးနားတွင် ရပ်နေခြင်းဖြစ်သည်။ သိပ်မဝေးသော နေရာက ဟွမ်ဖူရှန်းက လေးနှင့်မြှားကို သူမ၏သူငယ်ချင်းထံ ချိန်ထားကြောင်း မြင်လိုက်ရသောအခါ ပစ်မှတ်ကို ခြောက်ရန်အတွက် အလန့်တကြားအော်လိုက်သည်။ သို့သော် မြှားက ထွက်လာခဲ့ပြီဖြစ်သည်။
ယဲ့ကျန်းကလည်း နောက်ပြန်လှည့်ရန် အချိန်မရှိတော့ပေ။ ကံကောင်းစွာဖြင့် သူမ၏လှုပ်ရှားမှုမှာ မြန်ဆန်ပြီး ခန္ဓာကိုယ်ကလည်းပျော့ပျောင်းလွန်းသည်။ သူမက ဆွန်းဝမ်၏အသံကိုကြားသည်နှင့် ဘေးဘက်သို့ အသာငုံ့ကိုင်းလိုက်ပြီးနောက်တွင် သူမ၏အနောက်မှ ထိုထက်ရှသောမြှားက နှာခေါင်းဘေးနား လက်မအနည်းငယ်မှ ကျော်ဖြတ်သွားတော့သည်။
"အော် ဒီမြှားက ငါ့လက်က ဘာလို့လွတ်ထွက်သွားတာပါလိမ့်"
ဟွမ်ဖူရှန်းက အလန့်တကြားအော်သည်။ သို့သော် သူမ၏မျက်နှာတွင်မူ စကားနှင့်ဆန့်ကျင့်ဘက်အပြုံးကရှိနေသည်။
သူတို့၏လေးအတတ်သင်ပေးသောဆရာထူက သတိမထားမိသလိုမျိုး ဆက်လက်ပြီး အခြားသောကျောင်းသူများကို သင်ကြားပေးနေခဲ့သည်။
ယဲ့ကျန်းက ဟန်ချက်ထိန်းလိုက်ပြီးနောက် ဟွမ်ဖူရှန်းကို ပေါ့ပါးစွာကြည့်လိုက် သည်။ ရုတ်တရက် သူမက လေးနှင့်မြှားကို ချိန်ရွယ်လိုက်သည်။
ကြည့်ရတာ ဒီမိန်းမက သဘောကျသလို ငါ့ကိုအနိုင်ကျင့်လို့ရတယ်လို့ တွေးနေတဲ့ပုံပဲ။
ဆွစ်
မြှားတစ်ချောင်းက ထွက်သွားပြီးနောက် ဟွမ်ဖူရှန်း၏အဝတ်ကို ထိမှန်သွားသည်။
ဟွမ်ဖူရှန်းက အလန့်တကြားအော်တော့သည်။
"လုယောင်ယောင် နင် ငါ့ကို ဘယ်လိုတောင်ချိန်ရဲတာလဲ"
ယဲ့ကျန်းက သူမ၏လက်ထဲမှ လေးနှင့်မြှားကို အံ့အားတကြီးကြည့်လိုက်သည်။
"အို ဒီမြှားက ဘယ်လိုတောင် ငါ့ရဲ့လက်ထဲက လွတ်သွားတာပါလိမ့်"