အပိုင်း၂၆၀
"ဝမ်ဖေးက စည်းမျဉ်းတွေကို လေ့လာနေဆဲပါပဲ၊ မယ်တော်ကြီးက အတွင်းနန်းဆောင်က ကိစ္စတွေအားလုံးကို ကြည့်ရှုပေးထားတယ်၊ ဒီတော့ အရင်ကထက်ပိုပြီး အလုပ်ရှုပ်နေပြီ"
ဒေါ်လေးချန်းက ပြောပြသည်။
အော် ကြည့်ရတာ လုဝူရွှမ်းက အကျယ်ချုပ်အချခံရတုန်းပဲကိုး။
ယဲ့ကျန်း၏စိတ်အခြေအနေက ချက်ချင်းဆိုသလိုမြင့်တက်သွားသည်။ သူမက အထူးတလည်ချိုမြိန်သောအပြုံးကို ပန်ဆင်လျက် စစ်နင်နန်းဆောင်ထံသို့ လျင်မြန်စွာ သွားလိုက်သည်။
"မယ်တော်ကြီး ကံကောင်းခြင်းသောင်းကျော် ပိုင်ဆိုင်နိုင်ပါစေ"
ယဲ့ကျန်းက ခန်းမထဲသို့ဝင်နေရင်း တစ်ခါတည်းဂါဝရပြုလိုက်သည်။ မယ်တော်ကြီးက သူမကို ခေါင်းမော့ထားခိုင်းသောအခါ မဟာခန်းမထဲတွင် အခြားလူများလည်းရှိနေကြောင်း သိလိုက်ရသည်။ သူမက ထိုလူများထဲမှ တစ်ယောက်ကိုသိသည်။ မမျှော်လင့်ထားစွာပင် ခန်းမထဲရှိလှပပြီး ကြော့ရှင်းကြည့်ကောင်းသော အမျိုးသမီးများထဲတွင် ရွှီဟွေးယွီက ပါဝင်နေခဲ့သည်။
"ယောင်ယောင်လာပြီ၊ အိုက်ကျားက မင်းကိုသာ မဆင့်ခေါ်ရင် မင်းက နန်းတွင်းဝင်ပြီး အိုက်ကျားကို အဖော်ပြုမှာတောင်မဟုတ်ဘူး"
မယ်တော်ကြီးက မကျေမနပ်အကြည့်မျိုးကြည့်ပြီးနောက် သူမကို အနီးကပ်လာရန် အမူအရာပြလိုက်သည်။
ယဲ့ကျန်းက ရှက်ရွံ့သလိုပြုံးသည်။
"ကျွန်တော်မျိုးမက မယ်တော်ကြီးကို အနှောင့်အယှက်ပေးမိမည်ကို စိုးရိမ်တာပါ"
ထိုမိန်းကလေးဝင်လာသည့်အခိုက် ရွှီဟွေးယွီ၏မျက်ဝန်းများက သူမထံတွင်သာ ရှိတော့သည်။ အစပိုင်းတွင် သူမက ရုတ်တရက်ပေါ်လာသောကြောင့် ကြောင်သွားသည်။ ယခုမူ မြင့်မားသော ကျောမှီကုလားထိုင်တွင်ထိုင်နေရင်းမှ သူမက ဖိအားများနေဟန် ရသည်။
မယ်တော်ကြီးနှင့်ထိုမိန်းကလေးတို့ ပြောဆိုဆက်ဆံပုံက မင်သက်စရာ ကောင်းသည်။ လုယောင်ယောင်နှင့်ယဲ့ကျန်းက မည်မျှရုပ်ရည်တူကြောင်း သိထားသူထဲမှ တစ်ယောက်ဖြစ်နေသည့်အတွက် ထိုမိန်းကလေးက မယ်တော်ကြီးနှင့် အလွန်ရင်းနှီးကြောင်းကို သတိမမူမိနိုင်ခဲ့ချေ။