အပိုင်း၂၃၉
လုချုံးချုံ၏ မမျှော်လင့်ဘဲ ရုတ်တရက် လာရောက် လည်ပတ်ခြင်းက ဟွမ်ဖူရှန်း ပတ်သက်ခြင်းကလွဲပြီး အခြားမဖြစ်နိုင်ဟု သူမကလည်း ခန့်မှန်းနိုင်ခဲ့သည်။ ထိုမိန်းကလေးက သင်ခန်းစာ မရရုံသာမကလေဘဲ ယဲ့ကျန်းကို အရူးတစ်ယောက်ဟုပင် သတ်မှတ်နေသည်။ တူညီသော အကြံအစည်နှင့် တစ်ဖန် ပြန်ရောက်လာခြင်းဟာ သူမကို ဒုတိယတစ်ကြိမ် ထပ်ပြီး အရူးလုပ်နိုင်မည်ဟု ထင်နေဟန်ရသည်။
"မိန်းကလေးလု အချိန်က မစောတော့ဘူး၊ တို့လည်း နားချင်နေပြီ"
ယဲ့ကျန်းက ပြောလျက် သူမကို ထွက်သွားရန် အချက်ပြသည်။
လုချုံးချုံက ကို့ရို့ကားယား ခေါင်းညိတ်လိုက်သည်။
"ဒါဆိုရင် ငါ နင့်ကိုမနှောင့်ယှက်တော့ပါဘူး"
"ကောင်းပါပြီ"
ယဲ့ကျန်းက ခပ်ယောင်ယောင် ခေါင်းညိတ်လိုက်သည်။
သူမက တံခါးကို ပိတ်ပြီးလိုက်သည့်အချိန်တွင် မနေနိုင်ဘဲ ပြဿနာရှာသော ဟွမ်ဖူရှန်းအကြောင်းကို ပြန်တွေးလိုက်မိသည်။ ထိုမိန်းကလေးက လက်လျှော့သွားခြင်း မရှိဘဲ ဆက်လက်ပြီး သူမကို ချောက်ချချင်နေသေးဟန်ရသည်။ အမျိုးမျိုးသော ပြဿနာများကို မွှေနှောက်ရှာဖွေရန် ဆုံးဖြတ်ထားခဲ့ခြင်းဟာ သူမ ကိုင်တွယ်ရလွယ်ကူသည်ဟု ထင်နေဟန်ရသည်။ ထပ်ခါတလဲလဲကြိုးစားပြီး သိက္ခာကျအောင် လုပ်ချင်နေလေရာ သူမက သည်အတိုင်း မတုန့်ပြန်ဘဲ ငြိမ်ခံနေလောက်မည်ဟု တွေးနေခြင်းဖြစ်ရပေမည်။
ယဲ့ကျန်းက စာအုပ်ကို ဘေးနားသို့ချထားလိုက်ပြီးနောက်တွင် အတွေးကို ပြောင်းလိုက်သည်။ ထိုအရူးမ ဟွမ်ဖူရှန်းက ကစားချင်သော ကစားပွဲငယ်လေးတွင် သူမက ပထမဦးဆုံး လှုပ်ရှားသူဖြစ်သင့်သည်။ မဟုတ်လျှင် ကျောင်းအတွင်းတွင် ထိုလူကို အမြဲတစေ သတိကြီးကြီးထားနေရပေလိမ့်မည်။ ပိုးကောင်က မကိုက်စားလာခင် ပြဿနာများကို အရင်ဖြေရှင်းရသလို ယခုကိစ္စတွင်လည်း အလားတူသာလျှင်ဖြစ်သည်။