အပိုင်း (၂၁၁)
ပုံမှန်အားဖြင့် မျက်ရည်ဂလင်းက အရောင်မဲ့သည်။ ဒဏ်ရာရနေလျှင် နီရဲနေလေသည်။ သို့သော် ဒါက သွေးကြည်ပုံစံသာ ဖြစ်နေအုံးမည်ဖြစ်သည်။ သို့ရာတွင် သည်နေရာတွင်မူ အညိုရောင်ဖြစ်နေသည်။ သူမ၏စိတ်က အဖြေကို အပြေးအလွှားရှာပြီး ဖြစ်နိုင်ခြေတစ်ခုကို တွေးလိုက်မိသည်။
"အရှင်မင်းကြီး အရင်က အမြင်အာရုံချို့ယွင်းတာမျိုး ဖြစ်ခဲ့ဖူးပါသလား"
ယဲ့ကျန်းကမေးလိုက်သည်။
ယခင်က သူ၏အမြင်အာရုံချို့ယွင်းခဲ့သည့်အခြေအနေကို သူမက သိထားသည်။ ထိုသို့သောအခြေအနေတွင်ပင် သူမနှင့်သူက ဆုံခဲ့ခြင်းလည်းဖြစ်သည်။ သို့သော် မည်သည့်အတွက်ကြောင့် သူက ထိုသို့မမြင်ရနိုင်တော့ကြောင်း မသိခဲ့ချေ။ သူက မတော်တဆကန်းသွားခဲ့သည်လား၊ မျိုးရိုးဗီဇကြောင့်လားဆိုသည်က မသိနိုင်သောအရာ ဖြစ်သည်။ ယခင်က သူမက ထိုကိစ္စကိုရှာဖွေရန် အာရုံမစိုက်ခဲ့ချေ။ အကြောင်းမူကား ထိုသို့သောအကြောင်းများကို နားလည်ရန် ငယ်ရွယ်လွန်းသောကြောင့်ဖြစ်သည်။ ထို့နောက် ရုတ်တရက် သူက အမြင်အာရုံပြန်ရသွားပြီဆိုသောသတင်းကိုသာ ကြားခဲ့ရခြင်းဖြစ်သည်။ မည်သူကမျှလည်း ထိုအကြောင်းကို မပြောပြခဲ့ကြလေရာ သူမကလည်း ထိုအကြောင်းကို မသိတော့ချေ။
ထို့အပြင် သူမက သူ့ကို လက်ထပ်ပြီးသောအချိန်အတောအတွင်းနှင့် သူမက ဝိဉာဉ်အဖြစ် လှည့်လည်သွားလာနေသော နှစ်နှစ်တာအတောအတွင်းတွင်လည်း သည်အကြောင်းအရာနှင့် ပတ်သက်သောအကြောင်းအရာကို မသိခဲ့ရချေ။ ထို့ကြောင့် ပထမဦးဆုံးအကြိမ် သည်အကြောင်းအရာကို သိရခြင်းဟု ပြောရမည်ဖြစ်သည်။
"ကျန်းငယ်ငယ်က ကျန်းရဲ့မျက်လုံးတွေက အဆိပ်ကြောင့် လောင်ကျွမ်းသွားခဲ့ သေးတယ်၊ နောက်ပိုင်းမှာ ကုသလိုက်နိုင်တယ်"
မော့ရုန်ကျန်းက ဖုံးကွယ်ထားချင်စိတ်မရှိဟန်ဖြင့် လေးနက်စွာပြန်ဖြေလာသည်။
ဒါက လျှို့ဝှက်ချက်မဟုတ်ချေ။ ချင်မင်းဆက်၏ဧကရာဇ်က ယခင်က ကန်းခဲ့ဖူးကြောင်း လူတိုင်းကသိသည်။ သို့သော် အကြောင်းပြချက်ကို သိသူက နည်းသည်။ သို့ရာတွင် သူ၏အမြင်အာရုံပြန်ရသွားသော်လည်း လူနည်းစုဟာ သူ၏မျက်လုံးများဟာ မကြာခဏ မသက်မသာခံစားရပြီး နာကျင်ကျိန်းစပ်နေတတ်ကြောင်း သိကြလေသည်။