အပိုင်း {၁} ( UNICODE )

1.1K 34 6
                                    

မြို့ပြတစ်ခု၏ ရှုပ်ထွေးလှသော လမ်းမကြီးပေါ်တွင် ဖွင့်လှစ်ထားသည့် ကြီးမားလှသော "Tun" ကားဝပ်ရှော့၏ ဆိုင်းဘုတ်မှာ ထင်ရှားစွာ တည်ရှိနေသည်။ ဝပ်ရှော့ထဲတွင်တော့ အလုပ်သမားများသည် အလုပ်ကိုယ်စီဖြင့် မအားမလပ်ရပေ။

"နိုင်း ... သူဌေးခေါ်နေတယ်။ သွားလိုက်ဦး။"

"ဟုတ် ဟုတ် ကိုမျိုး။"

တုံ့ပြန်သံစူးစူးလေး ထွက်ပေါ်ပြီး မကြာလိုက် ... ကားအောက်ထဲမှ စက်ဆီများ ပေကျံနေသော ကောင်လေးတစ်ယောက် ထွက်လာကာ ဝပ်ရှော့၏ သူဌေး ရှိရာ ရုံးခန်းတံခါးကို ခေါက်ပြီးမှ ရုံးခန်းထဲ ဝင်သွားသည်။ စက်ဆီများ ပေကျံနေသည့်အပြင် ချောမောမှုတို့က လျှာထိုးဦးထုပ်နှင့် နှာခေါင်းစည်း mask အောက် မပေါ်လွင် ဖြစ်နေသည်ကတော့ နှမြောစရာပင်။ သို့တိုင်အောင် ဦးထုပ်အောက် တစ်စွန်းတစ်စ မြင်နေရသည့် မဟော်ဂနီရောင် ဆံပင်တိုတိုတို့နှင့် နိုင်း၏ ဟန်ပန်က နားတစ်ဖက်၌ နားကွင်းတပ်ထားပုံကြောင့် ပို၍ မိမိုက်နေသည်။

"သူဌေး ခေါ်တယ်ဆိုလို့ပါဗျ။"

"ထိုင်ဦး နိုင်း။ ငါ မင်းကို ခိုင်းစရာ ရှိလို့။"

သူဌေး၏ စကားအတိုင်း နိုင်းသည် သူဌေးရှေ့ရှိ လွတ်နေသော ခုံ၌ ဝင်ထိုင်လိုက်ကာ သူဌေး ပြောလာမည့် နောက်ဆက်တွဲ စကားကို ငံ့လင့်နေလိုက်သည်။

"တခြားတော့ မဟုတ်ပါဘူး။ မင်းကို ငါ့အစ်မဆီ ပိုက်ဆံ သွားပေးခိုင်းချင်လို့။"

ပြောရင်း အံဆွဲထဲမှ အထုပ်တစ်ထုပ်ကို ထုတ်​ပေးလာသည့် သူဌေးဖြစ်သူကြောင့် နိုင်း မျက်လုံးများ ဝိုင်းသွားရသည်။

"သူဌေး ... ပိုက်ဆံ ဟုတ်လား။"

"ဟုတ်တယ် ..ဒီထဲမှာ ၁၀ သိန်း ပါတယ်။ မင်း ရေမိုးချိုးပြီး သွားပေးပေး နိုင်း။"

"ခင်ဗျာ ..သူဌေး အဲ့လောက်များတဲ့ ပိုက်ဆံတွေကို ..ဘာလို့ ကျွန်တော့်ကို ..."

"မင်းကို ငါ ယုံလို့ပေါ့ နိုင်းရာ။ လိပ်စာကို ငါ စာရေးပေးလိုက်မယ်။ အလုပ်တွေကို ခဏထားခဲ့ပြီး ရေသွားချိုးလိုက်။ ပြီးတာနဲ့ ပိုက်ဆံ သွားပေးပေးနော်။ ငါ စိတ်ချမယ်။ ငါ အခု လေဆိပ်သွားရတော့မှာမို့။"

ကြယ်ကြွေကောင်းကင် { Complete }Where stories live. Discover now