အပိုင်း { ၁၀ } ( UNICODE )

333 9 0
                                    

"ဘယ်ကနေ လှည့်လာတာလဲ နန်းနန်း။"

"နင် သိတဲ့အတိုင်း ကိုကိုးနဲ့ လှိုင်းက ခရီးသွား‌တော့မှာလေ။ ဆိုတော့ ငါတစ်ယောက်တည်းပဲ ဆေးခန်းမှာ ကျန်ခဲ့မှာ။ အဲ့တာ သူတို့ ခရီးမထွက်ခင် အားတုန်းလေး နင့်ဆီ လာလည်တာ ဘုန်းသွင်ရ။ ကျွန်မကို ဘောစိကြီးက နှင်တော့ မလွှတ်ဘူးမလား။"

အိမ်ရှေ့ဧည့်ခန်း၌ လူကြီး၏ စကားသံနောက် ကပ်လာပါသော မိန်းကလေးတစ်ယောက်၏ အသံ။ မိန်းကလေးအသံ ဆိုပေသိ နွဲ့နှောင်းပျော့ပျောင်းနေတာမျိုးတော့ မဟုတ်။ တိကျပြတ်သားသော အဖြတ်အတောက်နှင့် စကားသံ၌ ဟိတ်ဟန်တစ်ချို့က ယှဉ်တွဲပါဝင်နေသည်မို့ အသံကြားရုံဖြင့် အရှိန်တစ်ခု ခံစားရစေသည်။ နွယ်နိုင်း လူကြီး၏ အိပ်ခန်းတံခါးကို အသာဟကာ အပြင်မှ အသံများကို နားစွင့်နေရင်း ဧည့်သည်ဖြစ်သူကို အလွန်အမင်း မြင်တွေ့ချင်နေပေမဲ့ တကယ်တမ်းကျ အခန်းဝ၌ ရပ်ကာ နားထောင်စိုက်နေရာမှ မလှုပ်ရှားဖြစ်။

ဒါ လူကြီး၏ အိမ်၌ နွယ်နိုင်း နေတာ တစ်ပတ်ခန့် ရှိနေချိန်၌ ပထမဆုံးအကြိမ် ကြားရသည့် အမျိုးသမီးတစ်ယောက်၏ စကားသံပါပဲ။ ယခင်က တစ်ခါမှ လူကြီး၏ အိမ်သို့ သူစိမ်းဧည့်သည် မိန်းကလေးဟူ၍ တစ်ယောက်တစ်လေပင် မရှိခဲ့ဖူးသေးသည်မို့ မြင့်တက်လာသော သိလိုစိတ်တို့နှင့်အတူ တိုးပွါးလာသည့် မနှစ်သက်သော ခံစားချက်တစ်ချို့။

"နှင်လွှတ်စရာလား နန်းနန်းရာ။ ငါ့အိမ်ထဲ နင် တံခါးမရှိ ၊ ဓားမရှိ ဝင်ထွက်လို့ ရပါတယ်။ ဒါနဲ့ လှိုင်းဆိုမှ ငါ သတိရတယ် ..မာန်တို့က ငွေဆောင် သွားကြတော့မှာမလား။"

"မနက်ဖြန်ဆို သွားပြီလေ။ ဟိုမှာ ဘယ်လောက်ကြာမလဲတော့ ငါလည်း သေချာ မပြောတတ်ဘူး။ ငါကတော့လေ ဖြစ်နိုင်ရင် သူတို့ကို ကြာကြာနေစေချင်တာ။ သိတယ်မလား ..လှိုင်းက ကိုကိုးနဲ့အတူ ခရီးမှ မထွက်ဖူးတာ။"

နားထောင်နေရင်းမှ တစ်ဖက် မိန်းကလေး၏ စကားသံကို ပြန်တုံ့ပြန်သည့် လူကြီး၏ အသံကို မကြားရတော့။ ဘာလို့ တိတ်သွားတာလဲ။ ရင်ထဲ ကလိကလိနှင့် နွယ်နိုင်း တကယ် ထွက်ကြည့်ချင်လာသည်။ နှုတ်ဆိတ်သွားရသည့် အကြောင်းအရင်းကို တူးဆွချင်တာထက် လူကြီးနှင့် ထိုမိန်းကလေး၏ ပတ်သက်မှုကို ဖော်ထုတ်ချင်တာ။ နွယ်နိုင်း၏ ခေါင်းသေးသေးလေးနှင့် လူကြီးတို့ အခြေအနေကို အလျင်အမြန် အကဲခတ်နိုင်စွမ်း မရှိပေမဲ့ ယခု နားထောင်ကြည့်ရသလောက်တော့ သူငယ်ချင်းထက် မပိုကြပေ။ သို့ပေမဲ့ ရင်ထဲ နေရာယူထားသော စိုးရိမ်စိတ် ကုဋေကုဋာသည်လည်း ရာခိုင်နှုန်း လျော့ကျမသွား ... လူကြီးအနား မည်သည့် မိန်းကလေးကိုမှ ရှိမနေစေချင်သည့် စိတ်ကြောင့် လူက ဒေါသထွက်လာသလိုလိုနှင့် စိတ်ထဲမယ် ခံရခက်လာသည်။

ကြယ်ကြွေကောင်းကင် { Complete }Where stories live. Discover now