အပိုင်း { ၂ } ( UNICODE )

565 18 0
                                    

{ လွန်ခဲ့သော ၂ နှစ် }

ရန်ကုန်မြို့နယ်ရှိ bar တစ်ခု၌ လူများ ပျားပန်းခပ်နေသည့်နှယ် ကူးလူးလှုပ်ရှားနေကြပုံမှာ မျက်စိရှုပ်စဖွယ်တော့ ဖြစ်နေသော်လည်း သူ့အတွက်တော့ ပုံမှန်ပင်။ ဤနေရာသည် သူ၏ စားကျက် ... သူ့ကို ငွေအမြောက်အများ ဖန်တီးပေးနိုင်သည့် နေရာပင်။ ရှေ့ဆံပင်များကို စုပြီး ခေါင်းစည်းကြိုးဖြင့် လှန်တင်စည်းလိုက်ပြီးမှ မီးရောင်စုံမှိန်မှိန် ကြီးစိုးနေသော ဘားအတွင်းသို့ ခြေလှမ်းကြဲများဖြင့် ဝင်လာလိုက်သည်။ မြူးကြွနေသော သီချင်းသံကြောင့် သူ့စိတ်များ အတန်ငယ် လန်းဆန်းလာသလိုပင်။

နွယ်နိုင်း ... ဒါ သူ့နာမည်ပေါ့။ နွယ်နိုင်းဟာ အမျိုးသမီးများ၏ နှလုံးသားကို နွယ်ပင်လို ရစ်ပတ်နှောင်ဖွဲ့ပြီး ပိုက်ဆံနောက် လိုက်နေသည့် ကောင်လေးတစ်ယောက်။ အများ အခေါ်အရဆိုလျှင်တော့ နွယ်နိုင်း၌ နာမည်အမျိုးမျိုး ရှိသည် ... ချူဆီ ၊ ပိုင်းလုံး ၊ အပျက်ကောင် ဟူ၍ စုံလို့ပါပဲ။ ထားပါလေ ... ဒါတွေ နွယ်နိုင်းမှ ဂရုမစိုက်တာ။ လူတွေ သူတို့ သဘောအတိုင်း သမုတ်နေသည့် အခေါ်အဝေါ်များဖြင့် သူ့အား ရှုံ့ချကဲ့ရဲ့နေသည်ကိုသာ လိုက်အာရုံစိုက်နေလျှင် ဘယ်သူက နွယ်နိုင်းကို ပိုက်ဆံလာပေးမှာလဲ။ ပတ်ဝန်းကျင်ကို လိုက်အဖက်လုပ်နေလျှင် နွယ်နိုင်း၌ နေစရာ နေရာပင် ကျန်ရှိမည် မထင်။

ဘားထဲသို့ ခြေချလိုက်ပြီဆိုသည်နှင့် မျက်လုံးများကို အနားမပေးပါဘဲ တောင်တောင်ဤဤ ကစားရင်း သည်ညအတွက် သူ၏ ဘဏ်တိုက်ကို ရှာဖွေနေမိသည်။ ထိုစဉ် တစ်စုံတစ်ယောက်နှင့် ဝင်တိုက်လိုက်မိသဖြင့် ရင်ဘတ်တစ်ခုလုံးက တစ်ဖက်လူ ကိုင်ထားသည့် ဝီစကီကြောင့် အေးခနဲ ဖြစ်သွားရသည့်အပြင် လက်ထဲ ကိုင်ထားသော လွယ်အိတ်စုတ်လေးသည်လည်း ကြမ်းပေါ် ပြုတ်ကျသွားသည်။ စိတ်ပေါက်ပေါက်နှင့် ဝင်တိုက်သည့် လူကို မော်ကြည့်မိတော့ နွယ်နိုင်းထက် ခေါင်းတစ်လုံးစာခန့် ပိုမြင့်နေသော အမျိုးသားတစ်ယောက်။ ရုပ်ရည်အားဖြင့် ခြုံငုံကြည့်လျှင်တောင်မှ ပြစ်ချက်ဆိုစရာပင် တစ်ချက် မရှိလောက်အောင် ပြီးပြည့်စုံနေသည့် လူသည် နွယ်နိုင်းအား အံ့အားသင့်သလို ကြောင်ငေးကြည့်နေသည်။ ဝင်တိုက်ပြီး တောင်းပန်စကားပင် တစ်ခွန်း မပြောလာသည့် လူကြောင့် ဒေါသသည်လည်း ထောင်းခနဲ။

ကြယ်ကြွေကောင်းကင် { Complete }Where stories live. Discover now