အပိုင်း { ၁၂ } ( UNICODE )

297 5 0
                                    

{ တစ်ပတ်အကြာ }

လွန်ခဲ့သည့်တစ်ပတ်က လူကြီးနှင့်အတူ ‌ရွှေတိဂုံဘုရားသွားပြီးနောက်ပိုင်း နွယ်နိုင်းတို့နှစ်ယောက် ပို၍ နီးစပ်လာကြသလို လူကြီးသည်လည်း သိသိသာသာ ပြန်လည်ကာ လန်းလန်းဆန်းဆန်း ဖြစ်လာသည်မို့ နွယ်နိုင်း စိတ်အေးရတာ မှန်သော်လည်း တစ်ဖက်တွင် စိတ်ရှုပ်စရာက ကျန်ရစ်နေဆဲ။ လူကြီး၏ သူငယ်ချင်း ဖြစ်သူ မာန်ရိပ်မော်က အိမ်မှာ လာနေနေသည်လေ။ နောက်လမ်းမှာ ကိုယ်ပိုင်အိမ် ရှိနေတာကို အဲ့မှာ မနေဘဲ လူကြီး၏ အိမ်၌ သောင်လာတင်နေရသည့် အကြောင်းအရင်းကတော့ သေချာပေါက် အရပ်နည်းတူ လျှာရှည်လှသည့် လူကြီးကြောင့်ပဲပေါ့။ မာန်ရိပ်မော်ကဖြင့် သူ့အိမ် သူ ပြန်မယ် တကဲကဲ လုပ်နေတာကို "မာန် မင်းကို တစ်ယောက်တည်း စိတ်မချဘူး။" ဘာညာနဲ့ အကဲပိုပြကာ အတင်း ဆွဲထားသော လူကြီးကြောင့် နွယ်နိုင်းမှာ စိတ်တွေပိန်နေရသလို မာန်ရိပ်မော်သည်လည်း အနေခက်နေဟန်။

လူကြီးက သူ့သဘောနှင့်သူ လုပ်ချင်တာ လုပ်ပြီး ဧည့်သည်မလုပ်ချင်သည့် မာန်ရိပ်မော်ကို အိမ်ပေါ် ခေါ်တင်ထားတာက အကြောင်းမဟုတ်ဘူး။ ပြဿနာက နွယ်နိုင်းမှာ။ တကူးတက စေတနာပါပါ ချက်ထားပေးရသည့် ဟင်းလျာများကို ချစ်ရသူတစ်ယောက်တည်းအတွက် ပြင်ဆင်ပေးချင်ပေမဲ့ ယခုက ဧည့်ဝတ်ကျေပွန်သည့် အိမ်ရှင်ကောင်း ပီသအောင် လုပ်နေသည့် လူကြီးကြောင့် မာန်ရိပ်မော်အတွက်ပါ ဟင်းချက်ပေးနေရသည်ကား စိတ်တိုစရာ။ လူကြီးက တစ်ခါတလေ ပါးနပ်သည့်ပုံစံနှင့် တစ်ခါတစ်ခါကျ လိုက်မမှီအောင် ပိန်းသည်ပင်။

ယခုလည်း ကြည့် ... ဧည့်သည်အတွက် ထားရှိသော အခန်းထဲမှ ထွက်မလာသည့် သူ့သူငယ်ချင်းကို မထွက်လာမချင်း တစာစာနှင့် စိတ်ရှည်လက်ရှည် ခေါ်နေတာ။

"မာန် ..အခန်းထဲက ထွက်ပြီး ထမင်းလာစားလေ။ လာ ထွက်ခဲ့ အခု ..မာန် ..ငါပြောနေတာ ကြားလား။ မာန်ရိပ်မော် ..."

ဒုန်းခနဲ ဆိုသလို တံခါးရွက်နှင့် နံရံ ရိုက်သံက တိုက်ခန်းကျယ်ထဲ ဟိန်းခနဲ။ နွယ်နိုင်းက ထမင်းစားဝိုင်းမှာ ‌အသင့်နေရာယူထားပြီးပြီမို့ လူကြီးနှင့် သူ့သူငယ်ချင်း ဘယ်လို နှစ်ပါးသွားကနေမှန်း မမြင်ပေမဲ့ စကားသံများကိုတော့ နားမစွင့်ပါဘဲ အတိုင်းသား ကြားနေရသည်။

ကြယ်ကြွေကောင်းကင် { Complete }Where stories live. Discover now