မနက် အိပ်ရာနိုးလာသည်နှင့် လူကြီး၏ အိပ်ရာကို သေချာ ပြန်သိမ်းပေးပြီးမှ နွယ်နိုင်း မျက်နှာသစ်ကာ လွယ်အိတ်စုတ်လေးထဲ ဆောင်ထားသည့် သွားတိုက်တံဖြင့် သွားသေချာ တိုက်ခဲ့ပြီး မျက်ကပ်မှန် ပြန်တပ်ပြီးသည်နှင့် အခန်းပြင်ထွက်လာလိုက်သည်။ မျက်နှာသစ်နေရင်း ရေချိုးခန်ထဲရှိ မှန်မှတစ်ဆင့် ကိုယ့်ကိုကိုယ် ပြန်မြင်နေရပုံသည် လူကြီး၏ အင်္ကျီပွပွနှင့်မို့ အမြင် တစ်မျိုးဆန်းနေသည်။ ညက အပူအပင်ကင်းစွာ အိပ်ခွင့်ရလိုက်သည်မို့ အိပ်ရာနိုးတော့ နွယ်နိုင်း အတော်နေလို့ကောင်းနေသည်။ ဤသည်မှာလည်း လူကြီး၏ ကျေးဇူးကြောင့်ပင်။ ဘယ်လောက်ပဲ လူကြီးကို ကြည့်မရဘူးဆိုဆို ၊ နွယ်နိုင်းအပေါ်တော့ ကျေးဇူးတရား ရှိသည်မဟုတ်လား။
"လူကြီး"
အခန်းပြင် ထွက်လာလိုက်ပြီး အိမ်ရှေ့ခန်းသို့ နည်းနည်း လျှောက်လာလိုက်ရာ ညအိပ်ဝတ်စုံ မလဲရသေးသည့် လူကြီးက အိပ်ရာနိုးနှင့်နေပြီ။
"နိုးပြီလား ချာတိတ်။ ညက အိပ်ပျော်ရဲ့လား။"
"အင်း အိပ်ပျော်တယ်။ ခင်ဗျား ဘယ်ချိန်ကတည်းက နိုးနေတာလဲ။"
"ခုနကမှပါ။ မင်း ဗိုက်ဆာနေပြီလား။ လာ ထိုင် ..ကိုယ် ပေါင်မုန့်မီးကင် လုပ်ထားပေးတယ်။ မင်း မိုင်လို ကြိုက်တယ်မလား ချာတိတ် ..ကိုယ် ဖျော်ပေးမယ်။"
"မိုင်လို? အင်း ..ကျုပ် ကြိုက်တယ်။"
မိုင်လိုဆိုတာ သူ အမြဲ မြင်ဖူးနေသည့် အစိမ်းရောင်ထုပ်ကလေး မဟုတ်လား။ ဟုတ်လောက်မည် အထင်ဖြင့် လူကြီးကို 'ကြိုက်တယ်' ဟု ပြောလိုက်တော့ လူကြီးက သူ့ကို ကျောခိုင်းပြီး တစ်ကိုယ်တည်း အလုပ်ရှုပ်နေသည်။ မကြာလိုက်ပါဘူး ... ခုံအလွတ်၌ ဝင်ထိုင်ကာ လူကြီး လုပ်ထားပေးသည့် ပေါင်မုန့်မီးကင် ယိုသုတ်အား စားနေရင်း မျက်စိရှေ့ ခွက်တစ်ခွက် ရောက်လာသည်။ သင်းပျံ့နေသော အနံ့လေးကြောင့် နွယ်နိုင်း စိတ်ထဲ ပျော်လာသလိုပင်။ နွယ်နိုင်း အိမ်မှာဆို မိုင်လိုကို နေ့တိုင်း ဖျော်ပေးနေရပေမဲ့ တစ်ခါမှ မသောက်ဖူးသည်မို့ ယခု အပြင်ပန်း တည်ငြိမ်နေသလောက် ရင်ထဲတွင်တော့ ပျော်ရွှင်မှုတို့ ကခုန်နေကြသည်။
![](https://img.wattpad.com/cover/362821369-288-k74067.jpg)
YOU ARE READING
ကြယ်ကြွေကောင်းကင် { Complete }