"ချာတိတ် ဘာလုပ်နေတာလဲ။"
စကားသံ ကြား၍ ထင်ရဲ့ ... မီးဖိုချောင်ထဲ တစ်ယောက်တည်း တကုပ်ကုပ်နှင့် အလုပ်ရှုပ်နေရင်းမှ နွယ်နိုင်းက လှည့်ကြည့်လာသည်။ နောက်ကျောလေး မြင်ရုံနှင့် ပိုင်မြတ်ဘုန်းသွင် ဝယ်ထားပေးသည့် အင်္ကျီဝမ်းဆက်လေးနှင့် နွယ်နိုင်းက အသည်းယားစရာကောင်းနေသည်။
"ကျုပ် ... ခင်ဗျားအတွက် ဟင်းချက်ပေးနေတာလေ။"
"ကိုယ့်အတွက်?"
သည်တစ်ခါတော့ ဘုန်းသွင်မှာ အံ့အားသင့်ရသည်။ အနံ့သင်းနေသော ကြက်သားဆီပြန်ဟင်းက ဒယ်အိုးထဲ အခန့်သား။ အိမ်ထမင်း ၊ အိမ်ဟင်းနှင့် အတော်ကလေး အလှမ်းဝေးနေရသူပီပီ အပင်ပန်းခံကာ ဟင်းချက်ပေးနေသော နွယ်နိုင်းကြောင့် ဘုန်းသွင်မှာ မျက်စိရှေ့ရှိ ကလေးငယ်လေးအား ပိုတိုး၍ အချစ်ပိုရသည်။ ချစ်ခြင်းကုဋေကုဋာဖြင့် မျက်ဝန်းပြာများကို ငေးကြည့်မိတော့ မရေမတွက်နိုင်တော့သော အကြိမ်ရေဖြင့် ထပ်ဖန်တလဲလဲ ချစ်မိပြန်သည်။ ပထမဆုံး တွေ့ဆုံမှုကတည်းက ရီဝေနေတတ်သော မျက်ဝန်းပြာများက သံလိုက်ဓာတ်လို ဆွဲငင်အား ပြင်းသည်။ ရုန်းထွက်ရကောင်းမလား ဆိုသည့် အတွေး မဝင်မိခင်ကတည်းက နွယ်နိုင်းဆိုသည့် ချာတိတ်လေးအား ရင်ထဲ တစ်သီးတစ်သန့် နေရာထိုင်ခင်း ချထားပေးခဲ့တာ ယခုဆို ၁၀ နှစ် ရှိတော့မည်။ ဘယ်မိန်းကလေးကိုမှ စိတ်မဝင်စားဖူးသည့် သူက ချာတိတ် တစ်ယောက်တည်းကိုသာ စွဲလမ်းစိတ် ကြီးစွာဖြင့် ချစ်နေမိခဲ့တာပါ။
"ကြက်သားဆီပြန် ကြိုက်တယ်မလား လူကြီး။"
"ကိုယ့်ချာတိတ် ချက်တာမှန်သမျှ အကုန်ကြိုက်ပါတယ်ဗျာ။"
မြည်းဖြင့် မမြည်းကြည့်ရသေးဘူး ... စကားကြီး စကားကျယ် ပြောနေသည့် လူကြီးကို မျက်စောင်းသာ လှမ်းခဲပေးလိုက်တော့သည်။ ကြည့်နေ ... နောက်တစ်ခါကျ ဆားတစ်ဘူးလုံး မှောက်ထားပြီး စားမရအောင်ကို ချက်ပေးလိုက်ဦးမည်။ သည်တစ်ကြိမ်တော့ ကောင်းကောင်းမွန်မွန်ပဲ ချက်ပေးလိုက်ပါမည် ... မြင်ပြင်းကပ်ကပ်နှင့် လက်တစ်ကမ်းအလို၌သာ ရှိနေသော ဆားဘူးကို တစ်ဘူးလုံး မှောက်ချလိုက်ချင်ပေမဲ့ ကြက်သားက နွယ်နိုင်းပိုက်ဆံနဲ့ ဝယ်ထားရသည်မို့ ဆန္ဒကို မျိုသိပ်လိုက်ရသည်။ နောက်တစ်ခါ လူကြီး ပိုက်ဆံနှင့် ဟင်းဈေးဝယ်မှ စားမရအောင် ချက်ပေးရမည်။
YOU ARE READING
ကြယ်ကြွေကောင်းကင် { Complete }