မနက် အိပ်ရာနိုးချိန် မျက်လုံးပွင့်သည်နှင့် မြင်ကွင်းထဲ တိုးဝင်လာသော မျက်နှာကျက်ကြောင့် နွယ်နိုင်း လူကြီးအခန်းထဲ ရောက်နေမှန်း ပြန်သတိရသွားသည်။ တစ်ချိန်တည်းမှာပင် ဘေးနားလှဲနေသူကို ငဲ့စောင်းကြည့်မိတော့ နှစ်ခြိုက်စွာ အိပ်မောကျနေသည်။ နွယ်နိုင်း လူကြီးနှင့် မျက်နှာချင်းဆိုင် ဖြစ်သွားအောင် စောင်းအိပ်လိုက်ရာ အေးချမ်းတည်ငြိမ်သော အမျိုးသား၏ တုနှိုင်းမဲ့ ရူပကာကို တမေ့တမြော ငေးကြည့်မိပြန်သည်။
ထိုစဉ် အတွေးထဲ နယ်ချဲ့လာသည့် အမှန်တရားတစ်ချို့။ မနေ့က လူကြီး ဖွင့်ပြောလိုက်လို့ အပျော်လွန်ပြီး စိတ်ထဲ ကယောက်ကယက် ဖြစ်နေသဖြင့် လက်တွေ့နှင့် ဝေးကွာခဲ့ပေမဲ့ ယခု ပြန်စဉ်းစားကြည့်တော့ လူကြီးက နွယ်နိုင်းကို ချစ်တယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး မဟုတ်လား။ လူကြီးလို မြင့်မြတ်သည့် တော်ဝင်သဇင်က နွယ်နိုင်းလို ရနံ့မဲ့ စက္ကူပန်းအား ချစ်တယ်တဲ့လား။
လူကြီး ... စိတ်ကစားနေတာ နေမှာပါ။ ဟုတ်တယ် ... ဆယ်ကျော်သက် ကောင်လေးတစ်ယောက်က အသက်ကြီးကြီးမိန်းမတွေဆီက ပိုက်ဆံချူစားနေတာကို မြင်ပြီး အသစ်အဆန်း ဖြစ်နေလို့ နွယ်နိုင်းကို ချဉ်းကပ်ခဲ့တာ နေမှာ။ ယခုထက်တိုင် နွယ်နိုင်းကို မကြာမကြာ ထွေးဖက်တတ်ပြီး အနမ်းတစ်ပွင့် ခြွေချဖူးသည်မှတစ်ပါး လူကြီးဘက်က အခွင့်အရေးယူတာမျိုး မရှိသေးသော်ငြား လူကြီး နွယ်နိုင်းကို အပြောချိုချိုလေးတွေနဲ့ လှည့်စားနေတာ ဖြစ်မှာပါ။
နွယ်နိုင်းက မေတ္တာကို တောင့်တနေမှန်း သိလို့ ၊ ကာကွယ်စောင့်ရှောက်မှုကို မသိစိတ်က လိုအပ်နေမှန်း သဘောပေါက်လို့ နွယ်နိုင်းကို စိတ်လုံခြုံမှု ပေးပြီး အနားမှာ ခေါ်ထားတာ။ တစ်ချိန်ကျရင် လူကြီးလည်း နွယ်နိုင်းကို တစ်ယောက်တည်းထားပြီး ထွက်သွားဦးမယ်ဆိုတာ နွယ်နိုင်း နားလည်သည် ... ဤအခြင်းအရာကို နားမလည်ချင်လည်း နားလည်နိုင်အောင် လုပ်ရမည်။ ဒါမှ လူကြီးအပေါ် မျှော်လင့်ချက်တွေ မထားမိမှာ။
လူကြီးကို နွယ်နိုင်း ဆက်ငေးမကြည့်တော့ဘဲ ခုတင်ပေါ်မှ ဆင်းလာလိုက်ကာ ညက လဲထားသည့် အဝတ်အစားများကို ပြန်ဝတ်လိုက်သည်။ လူကြီး ဝယ်ပေးထားသော အင်္ကျီဝမ်းဆက်ကိုတော့ သေချာ ပြန်ခေါက်ပြီး ဗီရိုထဲသာ ပြန်ထည့်ခဲ့လိုက်သည်။ နောက် ခုတင်ဘေးရှိ စားပွဲ၌ တင်ထားသော ပိုက်ဆံ အထပ်လိုက်ကို အိတ်ထဲ ထည့်ကာ ရေချိုးခန်းထဲ၌ သွားတိုက် မျက်နှာသစ်လုပ်ပြီး မျက်ကပ်မှန်ပါ တစ်ခါတည်း တပ်လိုက်သည်။ မေမေ ပြောသည့် မကောင်းဆိုးဝါး မျက်လုံးများအစား လူကြီး ပြောသည့် 'မင်းမျက်လုံးတွေက အရမ်းလှတယ်' ဆိုသော မှတ်ချက်ကြောင့် မိမိ၏ မျက်လုံးများကို နွယ်နိုင်း တဖြည်းဖြည်း သဘောကျလာမိသလိုပင်။
YOU ARE READING
ကြယ်ကြွေကောင်းကင် { Complete }