"ဟယ်လို မေမေ။"
စာရင်းစစ်နေရင်း ဝင်လာသည့် ဖုန်းက မေမေ ဖြစ်နေသည်မို့ ချက်ချင်း ဖုန်းလက်ခံစကားပြောလိုက်သည်။ ပိုင်မြတ်ဘုန်းသွင်က တစ်ယောက်တည်း နေနေသည်မို့ မေမေသည် မကြာ မကြာဆိုသလို စိတ်ပူပြီး ဖုန်းဆက်တတ်သည်။ တကယ်က မေမေက ဘုန်းသွင်ကိုတောင် အိမ်မှာပဲ သူတို့နှင့်အတူ ပြန်နေစေချင်တာ။ သို့ပေမဲ့ ဘုန်းသွင် မေမေတို့နှင့်အတူ နေရတာ မွန်းကြပ်သည်။ မိုးလင်းမှ မိုးချုပ်သည်အထိ မေမေ့သဘော ၊ မေမေ့ဆန္ဒအတိုင်း နေထိုင်ရသည်ဖြစ်ရာ သူဟာ သားတစ်ယောက်အစား ကြိုးဆွဲသည့်အတိုင်း ကနေရသည့် ရုပ်သေးရုပ်လေးပမာ ဖြစ်လာသည်မို့ အိမ်ခွဲနေရေး အစီအစဉ်ကို ဆွဲခဲ့ရသည်။
"သား အိမ်ခဏ ပြန်လာဦး။ ခဏနေ မမဆွေတို့ အိမ်လာမယ် ပြောတယ်။"
"မေမေ ကျွန်တော် ..."
"ငြင်းမယ် မကြံနဲ့နော် သား။ သမီး စုလည်း ပါလာမှာဆိုတော့ သား ပြန်မလာလို့ မရဘူး။ မေမေ စောင့်နေမယ်နော် ဘုန်းသွင်။ ဧည့်သည်တွေ မရောက်ခင် မြန်မြန် ပြန်လာခဲ့။"
သူမ ဝသီအတိုင်း ပြောချင်ရာ ပြောပြီး မေမေက ဖုန်းချသွားပြန်ပါပြီ။ ဘုန်းသွင်လည်း တကယ် စိတ်ညစ်သည်။ မေမေတို့က ငယ်ငယ်ကတည်းက ဘုန်းသွင်၏ ဆန္ဒထက် သူတို့၏ လိုအင်ကိုသာ ရှေ့တန်းတင်ခဲ့ကြဖူးသည်ချည်းသာ။ ဘုန်းသွင် ဆယ်တန်းကို ၄ ဘာသာဂုဏ်ထူးနှင့် ထွက်တော့လည်း တက်ရသည့် တက္ကသိုလ်ကအစ မေမေတို့ ဆန္ဒအတိုင်း လိုက်လျောပေးခဲ့ရသည်။ ဒါ့အပြင် ယခု ဦးစီးနေသည့် တည်းခိုခန်းလေးသည်လည်း မေမေတို့၏ လက်အောက်၌ သက်တောင့်သက်သာ ပေါ့ပေါ့ပါးပါးသာ လုပ်ကိုင်နေရသည်။ တကယ်က ဘုန်းသွင် လုပ်ချင်သည့် အလုပ်သည်ကား ပန်းချီဆရာပင်။ ပန်းချီဆွဲခြင်းအမှုကို ဘုန်းသွင် ဘယ်လောက် ဝါသနာကြီးမှန်း မေမေတို့ မသိပေမဲ့ အချစ်ဆုံးသူငယ်ချင်းများကတော့ မပြောပြလည်း နားလည်သိနေကြသည်။
ပန်းချီဆွဲခြင်းနှင့် ဝမ်းမဝနိုင်လျှင်တောင်မှ ဘုန်းသွင် တခြားသော အလုပ်တစ်ခုနှင့် အသက်မွေးဝမ်းကြောင်း ပြုရလျှင် ကိုယ်ပိုင်အရည်အချင်းနှင့် အောက်ခြေကနေသာ တစ်ဆင့်ချင်း အောင်မြင်မှုဆီ တက်လှမ်းချင်သည်။ ယခုလိုမျိုး ဖေဖေတို့၏ သား ဖြစ်နေသောကြောင့် ဆိုသော အကြောင်းပြချက်တစ်ခုတည်းနှင့် သူဌေးနေရာ ဝင်ယူနေရခြင်းအပေါ် ပျော်မွေ့မနေပါ။ သို့သော် တစ်ဦးတည်းသောသား ဖြစ်သည့်အလျောက် ဘုန်းသွင်သာ ဂျစ်ကျနေလျှင် မေမေတို့၌ တခြားသော မျှော်လင့်ချက် ထားစရာ ထပ်မရှိနိုင်တော့သည်မို့သာ အားလုံးမေမေတို့ စိတ်သဘောကို ဖြည့်ဆည်းပေးခဲ့ခြင်းသာ။
YOU ARE READING
ကြယ်ကြွေကောင်းကင် { Complete }