အပိုင်း(၂၈) ~ မိုးညရဲ့ အနမ်းတစ်ပွင့်

228 22 4
                                    

ကားလေးဟာ ဘန်ဂလိုစခန်းရှေ့မရောက်ခင် ဖြည်းညှင်းစွာဖြင့်အရှိန်သပ်သွားသည်။ ဘေးကိုငဲ့ကြည့်လိုက်တော့ ကားရပ်သွားသည်ကိုတောင်မသိအောင် ပင်ပန်း၍အိပ်မောကျနေသည့် ငယ်။

စောနကငိုထားတာများသွားလို့လားမသိ ပါးပြင်လေးဟာ လိုတာထက်နီရဲနေသည်။ နှုတ်ခမ်းဖူးလေးဟာ ချုပ်တည်းထားသည့်အရာတွေကို ဖြေဖျောက်နိုင်ရန် ဖိကိုက်ထားသည့်အနေအထားလေးအတိုင်း။ အတန်ကြာသည်အထိ မျက်နှာလေးကိုတစ်စိမ့်စိမ့်ကြည့်နေမိတော့ ခန္ဓာကိုယ်ဟာလှုပ်လှုပ်ရွရွဖြစ်လာသည်။

"အာ.....ရောက်တောင်လာပြီလား"

"အွန်း"

"ကျွန်တော့်ကို နှိုးလိုက်လို့ရရဲ့သားနဲ့။ အခုတော့ အလုပ်ပိုစေမိပြီ"

အလိုက်သိစွာ ကားပေါ်ကဆင်းရန်ပြင်လိုက်တော့ လက်ကိုဖမ်းဆွဲထားမိလိုက်သည်။

"ခဏငြိမ်နေဦး"

လှမ်းဆွဲလိုက်သည့်အရှိန်ကြောင့် မျက်နှာနှစ်ခုဟာ အနီးကပ်ဆုံးအနေအထား။ စိတ်လှုပ်ရှားမှုကြောင့် ဖိကိုက်ထားမိသည့်နှုတ်ခမ်းဖျားနားက ရှပ်ပြေးသွားသော ပါးပြင်လေးဟာ အနံ့သင်းလျှက်။ နှဖူးထိပ်က ဆံနွယ်စလေးကို သိမ်သိမ်မွေ့မွေ့လေးဖယ်ပေးလာတော့ မျက်ဝန်းအစုံကိုပိတ်ထားမိလိုက်သည်။

"နဖူးက ဒဏ်ရာက ဘယ်လိုဖြစ်ရပြန်တာလဲ"

လက်သန်းလေးနဲ့ စေးပျစ်ပျစ်ဆေးတစ်ချို့ကို နူးနူးညံ့ညံ့လိမ်းပေးလာတော့ သွားလေးစိကာပြုံးမိသွားသည်။

"ဒီတိုင်း....ဒီတိုင်း ခလုတ်တိုက်မိရင်းက"

"မင်းက တအားပြာယာခတ်တဲ့ပုံပဲနော်"

"မဟုတ်ပါဘူး.....အွန်း..... ဟုတ်တယ်"

ခပ်စင်းစင်းကြည့်လာသည့်အကြည့်ကြောင့် အထွန့်မတတ်ရဲတော့။

"ပြီးပြီ"

"ဟုတ် ကျေးဇူးတင်ပါတယ်"

ကျောခိုင်းကာ တောက်တောက်တောက်တောက် လျှောက်လှမ်းသွားသည့် ငယ့်ကိုကြည့်ပြီး ဂျီအွန်းနှုတ်ခမ်းပါးက တွန့်ကွေးသွားသည်။ မျက်ဝန်းမှာလည်း မြတ်နိုးခြင်းများစွာက ပျော်ဝင်လို့နေသည်။

Nothing's Gonna Stop Us Now Where stories live. Discover now