အပိုင်း (၂၄) ~ ငရဲလမ်း

151 19 3
                                    

အိပ်ရာဝင်ချိန်ဟာ ညနက်နှစ်နာရီဖြစ်နေသည့်တိုင် ခန္ဓာကိုယ်တစ်ခုလုံးပင်ပန်းနွယ်နယ်နေပေမယ့်လည်း ယောက်ယက်ခတ်နေသည့်စိတ်တွေကလှုပ်နှိုးနေသည်မို့ တစ်ညလုံးအိပ်၍မပျော်နိုင်ခဲ့။ ကြိုးစား၍မျက်လုံးတွေကိုစုံပိတ်ထားသော်ငြား အိပ်စက်ခြင်းဟာ ဟန်ဘင်းနှင့်အသားကျ၍ရှိမနေပေ ။ မှိတ်လို့မရတဲ့မျက်လုံးတွေရဲ့အလိုအရ ရုံးပိတ်ရက်ဖြစ်‌နေတာတောင် company ကိုရောက်လာခဲ့ရသည်။ လက်ကနာရီကိုကြည့်လိုက်တော့ ခြောက်နာရီတိတိ။

"မင်္ဂလာပါ ဦးလေးကြီး"

ဝယ်လာသည့်လက်ကမုန့်ထုပ်ကို security ဦးလေးကြီးကိုကမ်းပေးရင်း မျက်ဝန်းလေးများဝိုင်းစက်စွာဖြင့် နှုတ်ခွန်းဆက်လိုက်သည်။

"ဟမ် ဒီနေ့ရုံးပိတ်တယ်မလား သားဟန်ဘင်း"

"ဟုတ်တယ် ဦးလေးကြီး ဒါပေမယ့် အလုပ်မှာပြဿနာလေးနည်းနည်းရှိနေလို့"

"အာ အဲ့ဒီကိစ္စလား.....တအားကြီးလည်းစိတ်မပူပါနဲ့ သားလေးရယ်....စေတနာကောင်းတဲ့ ကလေးပဲ အကုန်အဆင်ပြေသွားမှာပါ"

စေတနာဖြင့် လူတကာကိုဆက်ဆံတတ်သည့်ဟန်ဘင်းအဖို့ အများရဲ့အချစ်ကိုခံရတာမထူးဆန်းလှပါ။ အထူးသဖြင့် အောက်လက်ငယ်သားတွေအပေါ် ရာထူး‌ငယ်သည့်သူတွေအပေါ်  ဆင်းရဲသည့်သူတွေအပေါ် ဟန်ဘင်း၏နွေးထွေးမှုဟာ ပို၍သာ၍ပေါ်လွင်ပါသည်။ ဒီဦးလေးကြီးလည်းထိုနည်းတူ။ သားလေးရဲ့ကျောင်းစရိတ်အတွက် ပင်ပင်ပန်းပန်းအလုပ်‌လုပ်နေရသည် ဒီဦးလေးကြီးကို ဟန်ဘင်းကကူညီပေးခဲ့သည်။ ကျောင်းစာရိတ်တင်မက တင်နေတဲ့အကြွေးတွေပါ ရတဲ့လစာထဲက ကူပြီးဖဲ့ဆပ်ပေးသည်။ မနက်အလုပ်လာတိုင်းလည်း စားဖို့အတွက် အမြဲမုန့်ဝယ်လာပေးသည်။ တစ်ဦးစေတနာ တစ်ဦးမှာဆိုသလို ဟန်ဘင်းနှင့်အဆင်မပြေမသင့်မြတ်သည့် ဝန်ထမ်းဆိုသည်မှာ ရှား‌သလောက် မရှိပါ။

"ဒါနဲ့ ဥက္ကဌကင်မ်ရဲ့ညီလေးဆိုတဲ့သူ‌လား။ သားနဲ့လည်းရင်းနှီးတယ်လေ။ သူလည်းမနေ့ညက မုန့်ထုပ်ဆွဲပြီးရုံးထဲပြန်ဝင်သွားတာတွေ့လိုက်တယ်။ အခုမနက်ထိပြန်ထွက်လာတာတော့ ဦးလေးကြီးမတွေ့မိဘူး"

Nothing's Gonna Stop Us Now Where stories live. Discover now